နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Monday, March 16, 2009

သေပြီးမှ ဘုရားကိုသိဖို့ထက်၊ မသေခင် လူလိုသိဖို့ အရေးကြီး

ကိုဌေးလွင်ဦးသို့ ပေးစာ (၁)

Islam Sasana အစ္စလာမ် သာသနာ ဘလော့ဂ်ကို ရေးသားသူ ဘလော့ဂါ ကိုဌေးလွင်းဦး ဆီသို့ပေးပို့ရန် ရည်ရွယ်ပြီး ဒီပို့်စ်ကိုရေးသားပါသည်။

ကိုဌေးလွင်ဦး ခင်ဗျား

ကျွန်တော်ကတော့ ရွက်ဝါဘလော့ဂ်ကို ရေးသားသူ ဘလော့ဂါ ကိုရွက်ဝါ ဖြစ်ပါတယ်။ ကိုဌေးလွင်ဦးရဲ့ ဘလော့ဂ်ကို ရောက်ဖြစ်ပါတယ်။ စာတွေလည်း ဖတ်ဖြစ်ပါတယ်။ The Hloy Islam အစ္စလာမ် သာသနာတော် ဝဘ်ဆိုက်မှာလည်း အီးမေးကိုပါ ဖော်ပြထားပြီး အခြားသူများ၏ ဝေဖန်မှုများ၊ မေးခွန်းများ နှင့် ဉာဏလုံလများကို ဖိတ်ခေါ်ထားတာတွေ့ရသောကြောင့် အထူးဝမ်းသာရပါတယ်။

အခုကျွန်တော် ဝေဖန်ရေးသားပါ့မယ်။ ဘာသာရေး အစွဲကင်းကင်းနဲ့ ဘလော့ဂ်စာပေ ဝေဖန်ရေးလို့ သဘောထားပြီး ဖတ်ပေးပါ။ ဘာသာရေးနဲ့ ပတ်သက်တာတွေ ပြောဖို့လိုအပ်ရင်လည်း တတ်နိုင်သမျှ ခိုင်လုံသော အထောက်အထားကို ပြပြီးပြောပါ့မယ်။ ကျွန်တော့်ဝေဖန်ချက်တွေကို ကိုဌေးလွင်ဦးရဲ့ ဘလော့ဂ်မှာ ဝဘ်ဆိုက်မှာ တင်ပေးပါလို့ မတောင်းဆိုလိုပါဘူး။ အချိန်ရမယ်ဆိုရင် အလေးထားပြီး ပြန်လည်ဆွေးနွေးပေးပါ။

အပြောအဆို မတတ်လို့ နားဝင်မချိုခဲ့ရင် သီးခံပေးပါ။ ကျွန်တော့ရင်ထဲက ဘလော့ဂ်စာပေ အရေးအသား တိုးတတ်စေချင်တဲ့ စေတနာ၊ လမ်းလွဲနေတယ် ထင်တဲ့ အတွေးအခေါ်တွေကို ပြင်ပေးချင်တဲ့ စေတနာ စတာတွေကို မြင်အောင်ကြည့်ပြီး နားလည်ပေးပါ။ ကြိုတင်ပြီး ပြောထားချင်တာက ကျွန်တော့်အနေနဲ့ ကိုဌေးလွင်ဦးအပေါ်မှာ ဘာအငြိုးအတေးမှ မရှိသလို ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုလည်း မရှိပါဘူး။ စိတ်ဆိုးဒေါသလည်း မရှိပါဘူး။ ယခုပြောမဲ့စကားအားလုံးဟာ ရိုးသာတဲ့ စေတနာ သက်သက်နှင့်သာ ဖြစ်ပါတယ်။

၁) ဘန်နာမှ စာသားများအား သုံးသပ်ခြင်း

“အစ္စလာမ်သည်း ပုဂ္ဂိုလ်မြတ် တစ်ဦးဦး၏ အမည်နာမ မဟုတ်။”

အငြင်းမပွားလိုပါ။ သို့သော် ဗုဒ္ဓဘာသာ၊ နှင့် ခရစ်ယာန်ဘာသာ ၂-ခုလုံးကို တည့်တည့်ကြီးမဟုတ်တောင် စောင်းချိတ်၍ ပြောနေသလို မြင်မိပါတယ်။ ကျွန်တော့်အနေနှင့် အကြံပေးချင်တာကတော့ ဘယ်အကြောင်းအရာကို လေ့လာသည်ဖြစ်စေ အမည်နာမသည် အနှစ်သာရမဟုတ် ဆိုတာလေးကို သတိပြုမိဖို့ပါ။ ဦးချမ်းသာ အမည်နဲ့ စားစရာမရှိ ဖြစ်နေသူတွေ တွေ့ရတတ်သလို၊ ဒေါ်ကြာလှ နာမည်နဲ့ အကျည်းတန်တန် အမျိုးသမီးကြီးများလည်း ရှိနိုင်ပါတယ်။ ငြိမ်းချမ်းရေးဆိုသော အမည်သည် အမည်သက်သက်ဖြစ်၍ အရေးမကြီးပါ။ ငြိမ်းချမ်းရေးအတွက် အမှန်တကယ် လမ်းညွှန်ထားခြင်း ရှိမရှိသာ လိုရင်းဖြစ်ပါသည်။

သို့သော် အဓိပ္ပာယ် သတ်မှတ်ချက် သက်သက်ကိုပဲ ကိုဌေးလွင်ဦး ပြောတာကို စိတ်မချလို့ (ငြိမ်းချမ်းရေး ဆိုသော စကားလုံးကိုကား အထူးပြောစရာမရှိပါ။ သို့သော် သန္တိသုခဟူသော အသုံးအနှုံးမှာ ဗုဒ္ဓဘာသာဝင်တို့၏ သည်းချေကြိုက်ဖြစ်နေသောကြောင့် သေခြာတီထွင် ထည့်လိုက်လေသလား ဟု သံသယဖြစ်လို့) လက်လှမ်းမီသမျှ ရှာဖွေလေ့လာကြည့်မိပါသည်။

ရတနာသုံးပါးကို ယုံကြည် ကိုးကွယ် ဆည်းကပ် လာသူတစ်ယောက် အကြောင်း စာအုပ်မှာ ဆရာဦးဆန်းလွင် (ဆရာတော် အရှင်အာဒိစ္စရံသီ)က သူ့ရဲ့ လက်ဦးဆရာ ဦးဖိုးညွန့်ကို ကိုးကားရေးသားထားတာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အစ္စလာမ်ရဲ့ အဓိပ္ပာယ်ရင်းက ဘာလဲဆရာကြီး

အစ္စလာမ်ရဲ့ အဓိပ္ပာယ်ကတော့ ထာဝရ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းခြင်း၊ နာခံခြင်း အနက်ရတယ်။ ( စာမျက်နှာ ၂၈-၂၉)

အွန်လိုင်း အဘိဓာန်တစ်ခု ဖြစ်တဲ့ http://dictionary.reference.com/ မှာလေ့လာကြည့်တော့လည်း အောက်ပါအတိုင်း တွေ့ရတယ်။
Islam
–noun

1.the religious faith of Muslims, based on the words and religious system founded by the prophet Muhammad and taught by the Koran, the basic principle of which is absolute submission to a unique and personal god, Allah.

အဓိပ္ပာယ်ချင်းက ထပ်တူထပ်မျှလောက်တူနေတာ တွေ့ရတယ်။ အလ္လာအရှင်မြတ်ကို နာခံနေရခြင်းက ငြိမ်းချမ်းရေးပဲ လို့ဆိုချင်ရင်တော့ မြန်မာလို ပြန်တဲ့နေရာမှာ ငြိမ်းချမ်းရေးကို ထည့်ပြန်လို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နားလည်ထားတဲ့ ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းခြင်း သန္တိသုခနဲ့တော့ ဘယ်လိုမှ မပတ်သက်ဘူးလို့ မြင်ပါတယ်။ ကျွန်တော် လေ့လာတာ မနှံ့စပ်လို့လည်း ဖြစ်ချင်ဖြစ်ပါလိမ္မယ်။ ဒါလည်း ကိုဌေးလွင်ဦး တီထွင်သုံးစွဲတာလို့တော့ တပ်အပ် မစွပ်စွဲနိုင်ပါဘူး။ ရှေးဆရာအချို့ ရေးခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရှေးမြန်မာ အစ္စလာမ်ဘာသာဝင် ပညာရှိကြီးဖြစ်တဲ့ ဦးနုရဲ့ ရေးသားချက်အချို့အပေါ်မှာကိုးပဲ ကျွန်တော့်အနေနဲ့ ရိုးသားမှုရှိရဲ့လားဆိုတာ စီစစ်ဖို့ များစွာရှိသေးပါတယ်။

နေက်တစ်ချက်က

ထို့ကြောင့် အစ္စလာမ်ဘာသာမှ သွန်သင်သော ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ တရားစီရင်ရေး၊ လူ့အခွင့်အရေး လူ့သမိုင်းရေးရာများကို အစွဲကင်းစွာဖြင့် လေ့လာသင့်ပေသည်။-

လို့ဆိုထားတော့ အစ္စလာမ်ဘာသာကနေ သွန်သင်ပေးတဲ့ ကဏ္ဍကတော်တော်လေး စုံလင်သွားတယ်။ ကိုဌေးလွင်ဦး စိတ်ထဲမှာတော့ နောက်ထပ်တောင် ပြောပြချင်တဲ့ ကဏ္ဍတွေတောင် အများကြီးကျန်နေဦးမလား မသိဘူး။ ဒီကိစ္စလည်း အငြင်းပွားမလို့ မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာက ဒါတွေ သင်မပေးနိုင်ပါဘူးကွာလို့ ကျွန်တော် မပြောရဲပါဘူး။ ကိုဌေးလွင်ဦး ပြောသွားတာနဲ့ ဘလော့ဂ်မှာ ဖတ်ရတဲ့ ပို့စ်တွေ မဟပ်မိတာလေး ပြောချင်လို့ပါ။

အမှန်တကယ်ပဲ စာဖတ်သူအတွက် အကျိုးကျေးဇူးရှိနိုင်တဲ့ ကဏ္ဍပေါင်းစုံ သွင်သင်ချက်တွေ ရှိရင် ဘလော့ဂ်မှာ တင်ပြပေးပါ။ စာဖတ်သူတွေ အနေနဲ့ကတော့ ဝမ်းမြောက်ဝမ်းသာ ဖတ်မှတ်ပြီး သာဓုခေါ်သွားဖို့ပဲရှိပါတယ်။

ကိုဌေးလွင်ဦးရဲ့ ဘလော့ဂ်ကို ဖတ်ကြည့်တော့ ပိဋကတ်တော်ထဲက မဟာသမ္မတမင်းကို ကုရ်အာန်ကျမ်းထဲက အာဒံ နဲ့ နှိုင်ယှဉ် (နောက်လည်း အခြားဝတ္ထုကြောင်း ဆင်တူရာ ပိဋကတ်တော်လာ ပုဂ္ဂိုလ်တွေကို ကုရ်အာန်ကျမ်းလာ ပုဂ္ဂိုလ်တွေနဲ့ နှိုင်းယှဉ်) ပြီး ဗုဒ္ဓသာသနာနဲ့ အစ္စလာမ်သာသနာကို တစ်ထပ်တည်း ဆိုင်းဘုတ်တင်ဖို့ ကြိုးစားနေသလား ထင်ရလောက်အောင် ဇာတ်ကွက်တွေဆင် ပို့စ်တွေ တင်ထားတာတွေ့ရတယ်။ ဘာနိုင်ငံရေး၊ ဘာလူမှုရေး၊ ဘာလှုအခွင့်အရေးမှ မတွေ့ရပါဘူး။

အဲဒီတော့ ကိုဌေးလွင်ဦးအဖြစ်က ဘာနဲ့ တူသလဲဆိုရင် ရူပ၊ ဓာတု၊ ဘောဂ၊ နိုင်ငံရေးသိပ္ပံ ဆိုတာတွေကို ဘာတစ်လုံးမှ နားမလည်ဘဲနဲ့ ငါ့အဖေကတော့ အဲဒီကဏ္ဍတွေမှာ ပါရဂူမြောက် ကျွမ်းကျင်သူကြီး ဖြစ်တယ်ဟေ့လို့ ပြောဆိုနေတဲ့ ကလေးငယ်လေးလို ဖြစ်နေပါတယ်။ အပြောအဆိုမတတ်ရင် ဖခင်ပါ သိပ်ခါကျသွားနိုင်တာဖြစ်လို့ သတိထားသင့်ပါတယ်။

၂) ကျမ်းမြတ်ကုရ်အံ မိတ်ဆက်ပို့စ်အတွက် အကြံပြုခြင်း

ကိုဌေးလွင်ဦးလို ဘာသာပေါင်းစုံက ကျမ်းရင်းတွေကို ဖတ်ပြီး စုံအောင်လေ့လာနေတဲ့ ခေတ်ပညာတတ် တစ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာ စာပေက ကာလာမသုတ္တန်ကို ဖတ်ဖူးမှာပဲလို့ ကျွန်တော်ယုံကြည်ထားပါတယ်။ အရေးကြီးတဲ့ အပိုင်းနဲ့ အရေးမကြီးတဲ့ အပိုင်းကို ကျွန်တော်နားလည် သလို ခွဲခြားပြချင်ပါတယ်။ ကာလာမသုတ္တန်ကို အနည်းငယ် အကျယ်ချဲ့ပြီးတွေးကြည့်ပါ့မယ်။ အချက်အလက် စုံသွားအောင် ဘန်နာကစကားလေးပါ မကျန်ခဲ့ရအောင် ဆွေးနွေး အကြံပြုပါ့မယ်။

၁/ ဝါဒတစ်ခုကို အမည်နာမ၏ လှပခြင်းကြောင့်လည်းကောင်း၊ အမည်နာမ၏ အကျည်းတန်ခြင်းကြောင့်လည်းကောင်း ယင်းဝါဒကို မှန်၏(သို့မဟုတ်) မှား၏- ဟု အဆောတလျှင် မဆုံးဖြတ်လိုက်ပါနဲ့ဦး။

၂/ ဝါဒတစ်ခု၏ ကျမ်းဂန်သည် တစ်ဆင့်ပြောစကားဖြင့် ရေးသားထားခြင်းကြောင့်လည်းကောင်း၊ တိုက်ရိုက်ပြောစကားဖြင့် ရေးသားထားခြင်းကြောင့်လည်းကောင်း ယင်းဝါဒကို မှန်၏(သို့မဟုတ်) မှား၏- ဟု အဆောတလျှင် မဆုံးဖြတ်လိုက်ပါနဲ့ဦး။

၃/ ဝါဒတစ်ခု၏ ကျမ်းဂန်သည် ယနေ့ခေတ်သုံး ဘာသာစကားဖြင့် ရေးသားထားသောကြောင့်လည်းကောင်း၊ ရှေးခေတ်သုံး ဘာသာစကားဖြင့် ရေးသားထားသောကြောင့်လည်းကောင်း ယင်းဝါဒကို မှန်၏(သို့မဟုတ်) မှား၏- ဟု အဆောတလျှင် မဆုံးဖြတ်လိုက်ပါနဲ့ဦး။

၎/ ဝါဒတစ်ခု၏ ကျမ်းဂန်သည် ကုလနှင့် နိုင်ငံအများစုက သတ်မှတ်ထားသော ရုံးသုံးဘာသာစကားဖြင့် တည်ရှိနေသောကြောင့်လည်းကောင်း၊ အခြားဘာသာစကားဖြင့် တည်ရှိနေသောကြောင့်လည်းကောင်း ယင်းဝါဒကို မှန်၏(သို့မဟုတ်) မှား၏- ဟု အဆောတလျှင် မဆုံးဖြတ်လိုက်ပါနဲ့ဦး။

၅/ ဝါဒတစ်ခု၏ ကျမ်းဂန်ကို အလွတ်ရသူအရေအတွက်၏ များခြင်းကြောင့်လည်းကောင်း၊ နည်းခြင်းကြောင်းလည်းကောင်း ယင်းဝါဒကို မှန်၏(သို့မဟုတ်) မှား၏- ဟု အဆောတလျှင် မဆုံးဖြတ်လိုက်ပါနဲ့ဦး။

၆/ ဝါဒတစ်ခု၏ကျမ်းဂန်သည် မူရင်းမပျက် တည်ရှိနေခြင်းအပေါ် အငြင်းပွားဖွယ် မရှိခြင်းကြောင့်လည်းကောင်း၊ အငြင်းပွားဖွယ် ရှိခြင်းကြောင့်လည်းကောင်း ယင်းဝါဒကို မှန်၏(သို့မဟုတ်) မှား၏- ဟု အဆောတလျှင် မဆုံးဖြတ်လိုက်ပါနဲ့ဦး။

၇/ ဝါဒတစ်ခု၏ကျမ်းဂန်သည် ဘာသာစကားမျိုးစုံသို့ ပြန်ဆိုထားပြီးဖြစ်သောကြောင့်လည်းကောင်း၊ မပြန်ဆိုရသေးသောကြောင့်လည်းကောင်း ယင်းဝါဒကို မှန်၏(သို့မဟုတ်) မှား၏- ဟု အဆောတလျှင် မဆုံးဖြတ်လိုက်ပါနဲ့ဦး။

ဝါဒတစ်ခုမှလာသော အဆုံးအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းမကောင်း၊ အပြစ်လည်းမကင်း၊ ပညာရှိတို့ ကဲ့ရဲ့စရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) စီးပွားမဲ့ဒုက္ခရောက်ဖို့ဖြစ်၏- ဟု ကိုယ်တိုင် နားလည်လာသောအခါမှသာ ယင်းဝါဒကို စွန့်လွှတ်သင့်ပါသည်။

ဝါဒတစ်ခုမှလာသော အဆုံအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းကောင်း၊ အပြစ်တိုမှလည်းကင်း၊ ပညာရှိတို့ ချီးမွှမ်းစရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်းကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) ကောင်းသောအကျိုးစီးပွားဖြစ်ဖို့သာရှိ၏- ဟု ကိုယ်တိုင်နားလည်လက်ခံ နိုင်သောအခါမှသာ ယင်းဝါဒကို စွဲမြဲစွာလက်ခံသင့်ပါသည်။

ကိုဌေးလွင်ဦးပြောခဲ့တဲ့ အချက်တွေကို ငြင်းဖို့စိတ်မကူးပါ။ ဟုတ်ပါလိမ္မည်။ ကျမ်းမြတ်ကုရ်အာန်၏ ဂုဏ်ပုဒ်များဟု ဆိုလျှင်လည်း ဆိုနိုင်ပါသည်။ သို့သော် ထိုဂုဏ်ပုဒ်များနှင့် ပြည့်စုံခြင်း/မပြည့်စုံခြင်းက ထိုကျမ်းဂန်ကို လက်ခံနိုင်ရန်၊ ငြင်းပါယ်ဖို့ရန် လုံလောက်သော အကြောင်းပြချက်များ မဟုတ်သေးကြောင်းကိုတော့ ကိုဌေးလွင်ဦး လက်ခံနိုင်လိမ္မည်ထင်ပါသည်။

ဖော်ပြပါ အကြောင်းအချက်များကို ပြောပြပြီး အတွေးအခေါ်အားနည်းသော လူများ (အထူးသဖြင့် ကလေးသူငယ်များ) ကို ကြည်နူးမှု တစ်စုံတစ်ရာဖြစ်စေကာ စည်းရုံးသိမ်းသွင်းမည် ဆိုပါက ထိရောက်မှုရှိနိုင်ပါသည်။ ၄င်းအချက်များနှင့် အလားတူသော အချက်များမှာ အခြားအယူဝါဒများတွင်လည်း အနည်းနှင့် အများသာကွာမည်။ ရှိတော့ ရှိကြပါလိမ္မည်။ ဤနည်းဖြင့် စည်းရုံးခြင်းမှာ လူ၏စဉ်းစားဆင်ခြင်ဉာဏ်ကို ဦးစားမပေးသော မှိုင်းသွင်းသည့် နည်းသက်သက်ဖြစ်သောကြောင့် လွတ်လပ်သော အတွေးအခေါ်ရှိသူဖြစ်လျှင် မလုပ်သင့်ကြောင်း အကြံပြုပါရစေ။

လေးစားစွာဖြင့်

ရွက်ဝါ

**********************

ကိုဌေးလွင်ဦးသို့ ပေးစာ (၂)

ကိုဌေးလွင်ဦး ထောက်ပြထားးတဲ့ ဘာသာစကား၏ တွင်ကျယ်မှု ရှိခြင်း/မရှိခြင်း၊ လက်ခံသူလူအရေအတွက်၏ နည်းခြင်း/များခြင်း စတဲ့ အချက်တွေ၊ အချက်တွေကို ကြည့်ရင် ကျွန်တော်တို့ ဗုဒ္ဓဘာသာပိဋကတ်တော်ဟာ၊ အစ္စလာမ်တို့ရဲ့ ကျမ်းမြတ်ကုရ်အာန်နဲ့ နှိုင်းစာရင် အလွန်တရာ ဂုဏ်နိမ်သလိုဖြစ်နေတယ်။ ကျွန်တော့်အနေနဲ့လည်း ငြင်းချက်မထုတ် နိုင်လို့ ကုရ်အာန်က အဲဒီဂုဏ်ပုဒ်တွေမှာ သာလွန်ကြောင်း လက်ခံခဲ့ရတယ်။ ဝန်ခံပြီးတဲ့နောက် ကျွန်တော်က အဲဒါတွေကို အကာတွေသာဖြစ်တယ်။ အနှစ်သာရပိုင်း မဟုတ်သေးဘူးဆိုပြီး ကာလာမသုတ္တန်ကို ကိုးကားကာ စကားတစ်ခွန်းတည်းနဲ့ အားလုံးကို ပါယ်ချလိုက်တယ်။ အခြားလူရဲ့ ဆွေးနွေးချက်တွေကို အကာသက်သက်ဖြစ်တယ် လို့ပြောပြီး ကိုယ်ကလည်း အနှစ်ကို မတင်ပြခဲ့ရင် ကျွန်တော်ဟာ အပြောသမား ဖြစ်နေမယ်။ အဲဒီတော့ ကျွန်တော်အနေနဲ့ အတိုင်းအတာတစ်ခု လူ့ဘောင်လောကအတွက် အရေးပါလှတယ် ထင်တဲ့ အချက်တစ်ခုကို ဥပမာတင်ပြီး ကျမ်းမြတ်(၂) ခုတို့ရဲ့ အဆုံးအမတွေကို နှိုင်းယှဉ်ပြပါ့မယ်။

ကျွန်တော်အနေနဲ့ ဥပမာအဖြစ်ထားမယ့် ပြဿနာကတော့ အိမ်ထောင်ရှိသော အမျိုးသမီးတစ်ယောက်ရဲ့ လွဲမှားစွာကျင့်သော ကာမအမှုပါ။ မြန်မာလိုပြောရရှင်းရှင်းပြောရရင် အိမ်ထောင်ရှင် မိန်းမတစ်ယောက်ရဲ့ ဖောက်ပြန်သောအကျင့်ပေါ့။ ဒီအကျင့်ကလည်း လူမျိုး၊ ဓလေ့၊ ကိုးကွယ်သည့်ဘာသာတွေ မတူကြတဲ့ နေရာတိုင်းမှာ တွေ့ရတတ်ပါတယ်။ ဒါကြောင့် အစိုးရတိုင်းကလည်း ဖြေရှင်းဖို့နည်းလမ်းတွေ၊ ဥပဒေတွေ ပြဌာန်းထားကြပါတယ်။ ဘာသာရေးစာပေတွေနဲ့ ဓလေ့ထုံးစံတွေကလည်း သူ့နည်းသူ့ဟန်နဲ့ အဲဒီပြဿနာကို ဖြေရှင်းဖို့ လမ်းညွှန်ထားကြပါတယ်။

အခုကျွန်တော်ပြောချင်တာက ဗုဒ္ဓဘာသာစာပေကပေးတဲ့ လမ်းညွှန်လေးပါ။

သိင်္ဂါလသုတ်၊ သိင်္ဂါလောဝါဒသုတ် လို့ဆိုရင် သိသူများပါတယ်။ သိင်္ဂါလ လုင်ကို ဗုဒ္ဓကပေးခဲ့တဲ့ သြဝါဒ စကားတွေပါ။ အဲဒီသုတ္တန်လာ အဆုံးအမတစ်ချို့ကို မြန်မာပြည်မှာတော့ မိဘဝတ်၊ သားသမီဝတ်၊ ဆရာဝတ်၊ တပည့်ဝတ် စသည်အားဖြင့် လူမှုကျင့်ဝတ်တွေ အနေနဲ့ ကဗျာလေးတွေနဲ့ လေ့လာကြရပါတယ်။ တကယ်တော့ သုတ္တန်ထဲမှာ အခြားအဆုံအမတွေလည်း ပါပါတယ်။ အပြည့်အစုံဖတ်ချင်ရင်တော့ ပိဋကတ်တော်မှာ ဖတ်ရပါ့မယ်။ အတိုင်းအတာတစ်ခု ပြည့်စုံတဲ့ ပိုစ်တစ်ခုကတော့ ဒီနေရာမှာ http://yatimyanmar.co.cc/?p=165 ဖတ်နိုင်ပါတယ်။

ကျမ်းဂန်ကို သေခြာမလေ့လာဘဲ ကဗျာလေးသက်သက်ဖတ်ကြည့်ရင်တော့ သာမန်အတွေးနဲ့ သားသမီးနေရာကနေပြီး မိဘကိုကြည့်မယ်၊ သူကမှ မိဘဝတ္တရားမကျေတာ ငါကလည်း ဘာလို့ သားသမီးဝတ္တရား ထမ်းဆောင်ဖို့လိုသေးလဲ၊ လင်ယောက်ျားနေရာက မိန်းမကို ကြည့်မယ်၊ သူကမှ မိန်မဝတ္တရားမကျေပွန်တာ ငါက ဘာလို့ လင့်ဝတ္တရားကျေပွန်ရမှာလဲ လို့ တွေးချင်စရာကြီးပါ။ ဒါပေမဲ့ ဘုရားက အဲဒီလို လုံးဝလမ်းမ ညွှန်ခဲ့ပါဘူး။ အဲဒီလိုလမ်းမညွှန်ခဲ့ကြောင်း သေခြာတာက သုတ္တန်ရဲ့ အစပိုင်းမှာ ပါနေပါတယ်။
သေသေခြာခြာမတွေးရင်တော့ ဒါဟာ သုတ္တန်ဒေသနာဖြစ်တယ်၊ ပညတ်ပိုင်းဖြစ်တယ်၊ လူ့ကျင့်ဝတ် လမ်းညွှန်လောက်သာဖြစ်တယ် လို့ ထင်သွားပါလိမ္မယ်။ ဒါပေမယ့် အစပိုင်းမှာပါတဲ့ အဂတိသို့လိုက်ခြင်း အကြောင်းလေးပါးအပိုင်းကို နက်နက်နဲနဲတွေးကြည့်ရင် အလွန်မြင့်မားတဲ့ လောကအဘိဓမ္မာတွေ ပါနေတယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။ အဲဒီနောက်နားမှာ ဆက်ဟောထားတဲ့ ပျက်စီးခြင်းအကြောင်းတွေ မိတ်ဆွေတု၊ မိဆွေစစ် အင်္ဂါတွေ ဟာလည်း ဘယ်လိုမှ ငြင်းမရတဲ့ အမှန်တရားတွေဖြစ်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ထားတယ်။ ကိုဌေးလွင်ဦးလည်း ဖတ်ပြီး မှတ်သားပြီးဖြစ်ပါလိမ္မယ်။

အဲဒီသုတ္တန်ထဲက အဂတိသို့လိုက်မိခြင်း အကြောင်းတရားလေးပါး အပိုင်းကို ကူးယူဖော်ပြပေးလိုက်ပါတယ်။

မကောင်းမှုကိုပြုမိခြင်း၏ အကြောင်းအရင်း လေးပါး

၂၄၆။ အဘယ်လေးပါးသော အကြောင်းတို့ဖြင့် မကောင်းမှုကို ပြုသနည်း။

ဆန္ဒာဂတိ ‘ချစ်သဖြင့် မလိုက်အပ်သည်’ သို့လိုက်၍ မကောင်းမှုကို ပြု၏၊

ဒေါသာဂတိ ‘မုန်းသဖြင့် မလိုက်အပ်သည်’ သို့လိုက်၍ မကောင်းမှုကိုပြု၏၊

မောဟာဂတိ ‘မသိသဖြင့် မလိုက်အပ်သည်’ သို့လိုက်၍ မကောင်းမှုကိုပြု၏၊

ဘယာဂတိ ‘ကြောက်သဖြင့် မလိုက်အပ်သည်’ သို့လိုက်၍ မကောင်းမှုကိုပြု၏။

သူကြွယ်သား စင်စစ်သော်ကား အရိယာသာဝကသည် အကြင့်ကြောင့် ဆန္ဒာဂတိသို့မလိုက်၊ ဒေါသာဂတိသို့မလိုက်၊ မောဟာဂတိသို့ မလိုက်၊ ဘယာဂတိသို့မလိုက်။ ထို့ကြောင့် ဤလေးပါးသော အကြောင်းတို့ဖြင့် မကောင်းမှုကို မပြုရာဟု ဤစကားကို မြတ်စွာဘုရား မိန့်တော်မူ၏။

ကောင်းသော စကားကို ဆိုတော်မှုတတ်သော မြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး ဤဆိုလတ္တံ့သော ဂါထာစကားကို မိန့်တော်မူ၏-

“သူကြွယ်သား အကြင်သူသည် ချစ်ခြင်းကြောင်းလည်းကောင်း၊ မုန်းခြင်းကြောင်းလည်းကောင်း၊ ကြောက်ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း၊ တရားကိုလွန်၍ ကျင့်၏။ ထိုသူ၏ အခြံအရံ အကျော်အစောသည် လဆုတ် ပက္ခ၌ လမင်းကဲ့သို့ တစ်နေ့တစ်ခြား ဆုတ်ယုတ်၏။

အကြင်သူသည် ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင်းလည်းကောင်း၊ ကြောက်ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း တရားကိုလွန်ကျူး၍ မကျင့်၊ ထိုသူ၏ အခြံအရံအကျော်အစောသည် လဆန်းပက္ခ၌ လမင်းကဲ့သို့ တစ်နေ့တစ်ခြား ပြည့်စုံ၏” ဟု (မိန့်တော်မူ၏)။ ( သုတ္တန်ပိဋကတ်၊ ပါထိကဝဂ်ပါဠိတော်၊ ၈-သိင်္ဂါလသုတ်၊ အကြောင်းလေးပါး။)

အခုဖော်ပြတဲ့ ဗုဒ္ဓရဲ့ အဆုံးအမနဲ့ ချိန်ထိုးကြည့်လိုက်မယ်ဆိုရင် မိန်းမတစ်ယောက်ရဲ့ ဖောက်ပြန်မှုမှာ အပြစ်တင်စရာ ငါသူတပါးယောကျာ်းမိန်းမ မရှိတော့ဘူး။ အခြားသော ယောက်ျားအပေါ်မှာ ချစ်မိတဲ့ ရာဂဆန္ဒကြောင့်လည်း ဖြစ်နိုင်တယ်။ မိမိယောက်ျားအပေါ် မလိုမုန်းထားတဲ့ ဒေါသ ကြောင့်လည်း ဖြစ်နိုင်တယ်။ ကိုယ်ပြုတဲ့ အလုပ်ကို ကိုယ်ကိုယ်တိုင်က အပြစ်ရှိမှန်း မသိတဲ့မောဟ ကြောင့်လည်းဖြစ်နိုင်တယ်။ ဘဝနဲ့ ယှဉ်ပြီးအရေးကြီးတဲ့ အန္တရာယ် တစ်စုံတစ်ရာ ကျရောက်လာမှာ ကြောက်ခြင်းကြောင့်လည်း ဖြစ်နိုင်တယ်။ အပြစ်တင်စရာ တရားခံအစစ်ကို ရှာမယ်ဆိုရင် မိန်းမရဲ့ ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့၊ ရာဂ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာ အညစ်အကြေးတို့သာလျှင်ဖြစ်တယ်။ တနည်းစဉ်းစားရင် ဒီလိုပြဿနာမျိုးပေါ်လာရတာဟာ ယောက်ျားရဲ့ တာဝန်ပျက်ကွက်မှုတွေကြောင့်လည်း ဖြစ်နိုင်တယ်။

အဲဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ရတဲ့ လင်ယောက်ျားအနေနဲ့ မိန်းမအပေါ်မှာ ဒီသုတ္တန်လာ မိတ်ဆွေတု မိတ်ဆွေစစ် အင်္ဂါတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပြီး မပြတ်စဲသင့်ဘူးထင်ရင် သူ့ရင်ထဲက ကိလေသာတွေ ပါးသွားအောင် ဆေးကြောပေးရမယ်၊ စောင့်ရှောက်ပေးရမယ်၊ သင်ပြပေးရမယ်။ မိတ်ဆွေတုလို့ အသေအခြာ သတ်မှတ်နိုင်လောက်ရင်လည်း ကင်းကင်းရှင်းရှင်းနေလိုက်ဖို့သာရှိတယ်။

ဒီသုတ္တန်ကိုလေ့လာကြည့်ရင် ဗုဒ္ဓဟာ ဖောက်ပြန်သူ မိန်းမသားကို တုတ်၊ ဓား၊ ခဲလက်နက်တို့နှင့် ပစ်ပေါက်ရန်၊ အသေသတ်ရန်၊ တစ်ဦးတည်း ပိတ်လှောင်ထားပြီး ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲအောင် နည်းမျိုးစုံနှိပ်စက်ရန်တွေကို ညွှန်ကြားဖို့ကို ဝေးစွ၊ ရုံးတို့ဂါတ်တို့ တိုင်တန်းဖို့တောင် လမ်းမညွှန်ခဲ့တာ ထင်ရှားပါတယ်။

ယခုဆက်လက်ပြီး ကျမ်းမြတ်ကုရ်အာန်က ပေးတဲ့လမ်းညွှန်လေးကို တင်ပြချင်ပါတယ်။ စူရဟ် အမှတ်(၄) အမျိုးသမီးများကဏ္ဍမှ စာ ၂-ပိုဒ်ကို ကူးယူဖော်ပြလိုက်ပါတယ်။

၎း၁၅ ထို့ပြင်တဝ အသင်တို့၏ ဇနီးမိန်းမတို့ အနက်မှ အကြင်မိန်းမတို့သည် ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ကြပါလျှင်၊ အသင်တို့သည် ထိုဇနီးမိန်းမများ အပေါ်၌ မိမိတို့အနက်မှ (ယောက်ျား) လေးယောက်ကတို့ကို သက်သေထားရှိကြလေကုန်။ အကယ်၍ ထိုသူလေးဦးတို့က (အမှန်အကန်) သက်သေခံခဲ့ကြပါမူ အသင်တို့သည် ယင်းမိန်းမတို့အား အိမ်များအတွင်း၌ ထိုသူမတို့ အသက်ဆုံးသည်တိုင်အောင်ဖြစ်စေ၊ သို့တည်းမဟုတ် အလ္လာအရှင်မြတ်သည် ထိုသူမတို့အဖို့ တစ်စုံတစ်ရာ နည်းလမ်းပြုလုပ်ပေးသည့်တိုင်အောင်ဖြစ်စေ၊ အကျဉ်းချထားကြလေကုန်။

၎း၁၆ ၄င်းပြင် အသင်တို့အနက်မှ အကြင်သူ နှစ်ဦးတို့သည် ယင်း ကာမေသုမိစ္ဆာစာရကံကျူးလွန်ကြပါမူ အသင်တို့သည် ထိုသူနှစ်ဦးကို ဒုက္ခပေးကြလေကုန်။ တဖန် အကယ်၍ ထိုသူတို့ နှစ်ဦးသည် (နောင်တ တရားရရှိကာ မိမိတို့အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခြင်းငှာ) ဝန်ချတောင်းပန်ကြ၍ (မိမိကိုယ်ကို) ပြုပြင်သွားခဲ့ကြပါမူ အသင်တို့သည် ယင်းသူတို့ နှစ်ဦး(အားဒုက္ခပေးခြင်း)မှ ရှောင်ရှားကြလေကုန်။ ဧကန်စင်စစ် အလ္လာအရှင်မြတ်သည် (ဝန်ချတောင်းပန်သူများဖက်သို့) အကြိမ်ကြိမ် ကရုဏာတော်နှင့် ပြန်လှည့်တော်မူသော အရှင်၊ အလွန်သနားညှာတာတော်မူသော အရှင်မြတ်ပင်ဖြစ် တော်မူလေသတည်း။

ထိုလမ်းညွှန်ချက်နှင့် ပတ်သက်၍ ကိုဌေးလွင်ဦး ဘာသာရေးအစွဲကင်းကင်းနဲ့ ဥပဒေရှုထောင့်၊ လူ့အခွင့်ရေးရှုထောင့်တို့ကနေ ဝေဖန်ကြည့်ပါဦး။ ကျွန်တော်ဖတ်မိသလောက်တော့ အကျိုးအကြောင်း စုံအောင် မသုံးသတ်၊ ပြဿနာစတင်ရာ အကြောင်းရင်းကို မဖော်ထုတ်၊ အကျိုးဆက်သက်သက်ကိုသာ အကြမ်းနည်းနဲ့ နှိပ်ကွပ်ခြင်း ဖြစ်တယ်လို့ သုံးသတ်မိပါတယ်။ ကျွန်တော်အနေနဲ့ ဗုဒ္ဓဘာသာမိသားစုမှာ ဖွားလို့၊ ကျမ်းမြတ်ကုရ်အာန်အပေါ် မွေးရာပါသဒ္ဓါစိတ်မရှိလို့ ကောင်းကွက် ရှာမတွေ့တာလည်း ဖြစ်နိုင်ပါတယ်။ ကိုဌေးလွင်ဦးရှာတွေ့ခဲ့ရင် တင်ပြပေးပါဦး။

ကျမ်းမြတ်(၂)ခုတို့ရဲ့ ပြဿနာတစ်ခုတည်းအပေါ် ချည်းကပ်ပုံနည်းလမ်း လမ်းညွှန်ချက်တွေကို နှိုင်းယှဉ်ကြည့်ပါဦး။ ဗုဒ္ဓ၏ လမ်းညွှန်ချက်ကတော့ သူ့အသက်ကို သတ်မိခြင်း၊ အစရှိတဲ့ အပြစ်တို့မှ ဝေးစေပြီး ငြိမ်းချမ်းခြင်းဆီကို ဦးတည်နေတယ်၊ ပြဿနာ၏ တရားလို၊ တရားခံများသာမက မိဘအသိုင်းအဝိုင်း ချစ်ခင်ကြင်နာကြသူ မိတ်သင်္ဂဟ အသိုင်းအဝိုင်းတစ်ခုလုံးရဲ့ စိတ်ချမ်းသာစေမှု အကျိုးကိုဆောင်တယ်လို့ မြင်မိပါတယ်။ ပညာရှိတို့ ချီးမွှမ်းအပ်သည်လည်း ဖြစ်ပါလိမ္မယ်။

ကိုဌေးလွင်ဦးအနေနှင့် အမည်နာမက စလို့ ဘာသာစကားအပါအဝင် အကာသဘောအားဖြင့် ငြိမ်းချမ်းရေးအသွင်ကို ဖော်ပြခဲ့လို့ ကျွန်တော်အနေနှင့်လည်း တတ်နိုင်သမျှ အနှစ်ဘက်လည်း ကျရောက်အောင် ဗုဒ္ဓဝါဒဟာလည်း ပုဂ္ဂိုလ်မြတ်တစ်ယောက် အမည်ခံ ရှေးဟောင်းဝါဒဖြစ်ပေမယ့် အထင်သေးလို့ မရကြောင်းကို တင်ပြလိုက်ပါတယ်။ တကယ်တော့ ဗုဒ္ဓဝါဒရဲ့ ခက်ခဲနက်နဲတဲ့ အဘိဓမ္မာ ပိုင်းတွေကို တင်ပြချင်ပါတယ်။ ကျွန်တော့် အရည်အချင်နဲ့ မနိုင်မနင်းဖြစ်မှာ စိုးတာက တစ်ကြောင်း ကုရ်အာန်နဲ့ နှိုင်းယှဉ်ဖို့ ဘုံဖြစ်တဲ့ ပြဿနာ ရှာဖွေရခက်ခဲတာ တစ်ကြောင်းကြောင့် ဖော်ပြပါသုတ္တန်နဲပဲ ကျေနပ်လိုက်ရပါတယ်။ ဒီနေရာမှာတင်ပဲ ဒုတိယ ပေးစာကို အဆုံးသတ်ရင်း ကျမ်းမြတ်ကုရ်အံ မိတ်ဆက်ပို့စ် အတွက် အကြံပြုချင်းကို နိဂုံးချုပ်လိုက်ပါပြီ။

အခြားပို့စ်တွေအတွက်တော့ နောက်မှ ဆက်ရေးပါဦးမယ်။


လေးစားစွာဖြင့်

ရွက်ဝါ

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-