ဟာဂျီဝက်စ်လီ စုစည်းတင်ပြသည် ။
ထူးမြတ်သော လူ သား
လူသားမျိုးနွယ် (homo sapiens) သည် မျောက်ဝံ အပါအဝင် အခြား အဆင့်မြင့် နို့တိုက်သတ္တဝါများနှင့် အထူးနီးစပ်သည်။ သို့ဖြစ်ရာ အဆိုပါ သတ္တဝါများကဲ့သို့ပင် လူတို့တွင်လည်း မျိုးရိုးစဉ်ဆက် ခံယူရရှိအပ်ပြီး၊ သင်ကြားတတ်မြောက်ရာ မဟုတ်သည့် ‘ဗီဇအသိ’ ရှိသည်။ သို့ရာတွင် ဗုဒ္ဓဘာသာ၊ ကွန်ဖြူးရှပ်ဝါဒ၊ ဟိန္ဒူဘာသာ၊ ဂျူးဘာသာ၊ခရစ်ယန်ဘာသာ အစရှိသော အရှေ့တိုင်းနှင့် အနောက်တိုင်းမှ ဘာသာအယူဝါဒများ၊ ထုံးတမ်းစဉ်လာ အတွေးအခေါ် အယူအဆများက လူသည် အခြားသော တိရစ္ဆာန်များထက် တစ်စုံတစ်ရာ ထူးမြတ် သည်ဟု အခိုင်အမာဆိုကြသည်။ ခရစ်ယန်နှင့်ဂျူးဘာသာဝင်တို့ကလူတို့သည် ဘုရားသခင်၏ ‘ပုံရိပ်တော်’ အတိုင်းဖန်ဆင်းခံခဲ့ကြသည်ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာဝင်တို့ကလည်း လူတို့သည် ဆင်ခြင်တုံတရားနှင့် ယှဉ်သည့် အသိဉာဏ်ကို ပိုင်ဆိုင်ကြသည့်အလျောက်၊ သံသရာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို အားထုတ်လျက် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြသည် ဟု ယုံကြည်ကြလေသည်။ ကွန်ဖြူးရှပ်ဝါဒီများကလည်း လူသည် သင့်တင့် လျောက်ပတ်သော လူမှုဆက်ဆံရေးကို နားလည် သိတတ်သောကြောင့် ထူးခြားရခြင်းဖြစ် သည်ဟု ယူဆကြသည်။ အဆိုပါ အယူဝါဒများက လူသားတို့တွင် ဗီဇစိတ်၏ တွန်းအားများ တည်ရှိနေခြင်းကို လက်ခံသော်လည်း၊ ယင်းတို့ သည် လူ၏ ထူးမြတ်သော အခြားစွမ်းရည်တို့လောက် အရေးမပါဟု သဘောထားကြခြင်း ဖြစ်သည်။
လူဆိုသသည်မှာ-
သို့ဖြစ်ရာ ၊ လူဆိုသည်မှာ-
၁ ။ ဗီဇအသိ
၂ ။ ယဉ်ကျေးမှု နှင့်
၃ ။ အသိဉာဏ် တို့အားဖြင့် ပြုမှု ကျင့်ကြံ နေထိုင်သည့် သတ္တ၀ါ တစ်မျိုး ဖြစ်သည်ဟု အဓိပ္ပါယ် သတ်မှတ်နိုင်သည်။
အသိဉာဏ်ကို ပိုင်ဆိုင်သောကြောင့် လူသားတို့အနေဖြင့် မိမိတို့၏ ဗီဇအသိနှင့် ယဉ်ကျေးမှုတို့မှ လုံးဝဥဿုံ သီးခြား ကင်းကွာပြီး နေ၍ရနိုင်ကောင်းသည်ဟု မဆိုလိုပါ။ ဤကိစ္စမျိုးသည် မလိုလားအပ်သည့် အပြင် ဖြစ်လည်းမဖြစ်သင့်ပေ။
လူတို့၏ ထူးခြားသော ဂုဏ်အင်္ဂါရပ်များ
သို့ရာတွင် လူသားတို့အနေဖြင့် မိမိတို့၏ အတွင်းသန္တာန် နှင့် ပတ်ဝန်းကျင်တို့တွင် ဖြစ်ပျက်နေသမျှကို နားလည်သဘောပေါက်နိုင်စေရန် အတွက် ၊ ဗီဇအသိနှင့် ယဉ်ကျေးမှုတို့ အကြားအရေးပါသော ခြားနားချက်ကို သိနိုင်စွမ်းတော့ ရှိရပေမည်။
- ဝေဖန်သုံးသပ်နိုင်စွမ်း ၊
- တန်ဖိုးဖြတ် ဆန်းစစ်နိုင်စွမ်းနှင့်
- လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းတို့သည် လူတို့၏ ထူးခြားသော ဂုဏ်အင်္ဂါရပ်များ ဖြစ်ကြသည်။
တိရိစ္ဆာန်များတွင် ဗီဇအသိရှိပြီး အချို့ကိစ္စရပ်များ၌ ဘာသာစကားချို့တဲ့မှုကြောင့် လူ့ယဉ်ကျေးမှုနှင့် သဏ္ဌာန် မတူသည့်တိုင်အောင် တစ်မျိုးတစ်မည်သော ယဉ်ကျေးမှုတို့ အစပျိုး ပေါ်ထွန်းလျက်ရှိကြောင်း တွေ့ရှိရသည်။ ကျွန်ုပ်တို့ လေ့လာသိရှိခဲ့ရပြီးသလောက် ဆိုလျှင် တိရစ္ဆာန်များသည် လူများကဲ့သို့ တွေးတောခြင်း နှင့် ထိရောက်စွာ ဆင်ခြင်သုံးသပ်ခြင်းတို့ကို မပြုလုပ်နိုင်ကြပေ။ သူတို့တွင် အသိဉာဏ်မရှိကြပေ။
လူတို့၏ အရေးပါသော ပိုင်ဆိုင်မှု
ဘာသာရေးအယူဝါဒများက လူသားတို့၏ ထူးခြားချက်ကို ယင်းတို့ပိုင်ဆိုင်သော ‘ အမတ ’ ဝိညာဉ်အားဖြင့် လည်းကောင်း၊ သံသရာမှ လွတ်မြောက်ရာလွတ်မြောက်ကြောင်းကို ကြံဆောင်နိုင်သည့် စွမ်းရည်တို့အားဖြင့်လည်းကောင်း၊ ဖေါ်ကျူးကြသကဲ့သို့၊ ခေတ်သစ် လူမှုရေးသိပ္ပံပညာရှင်များကလည်း လူတို့၏ အရေးပါသော ပိုင်ဆိုင်မှုတစ်ရပ်မှာ အခြားတိရစ္ဆာန်တို့တွင် ချို့တဲ့လျက်ရှိသည့် ‘ ယဉ်ကျေးမှု ’ကို ပိုင်ဆိုင်ခြင်းဖြစ်သည် ဟု ဖော်ပြကြသည်။ စင်စစ် လူသည် ဗီဇအသိကို ပိုင်ဆိုင်သူဖြစ်ရုံမျှမက၊ ယဉ်ကျေးမှုကို ဖန်တီး၍ လက်ဆင့်ကမ်း သူလည်း ဖြစ်သည်။
ယဉ်ကျေးမှုဆိုသည်မှာ -
ယဉ်ကျေးမှုကို အောက်ပါအတိုင်း အဓိပ္ပါယ် သတ်မှတ်နိုင်သည်။
ယဉ်ကျေးမှုတွင် လူသားတို့၏ သာလွန်ထူးခြားမှုကို ထင်ရှားစေသည့် အနုပညာ အပါအဝင် နိမိတ်ပုံ သင်္ကေတ မှတ်သားနည်းများ အားဖြင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လက်ခံ ဖြန့်ဖြူးနိုင်သည့် အရာများပါဝင်သည်။ အမြုတေအားဖြင့် ယဉ်ကျေးမှုတွင် သမိုင်းစဉ် တစ်လျှောက် ဆန်ကာတင် ရွေးချယ်ထားသည့် ရိုးရာအယူအဆများ၊ အထူးသဖြင့် ယင်းတို့မှ ဆက်နွယ်လာသည့် ဂုဏ်အင်္ဂါရပ်များ ပါဝင် သည်။ယဉ်ကျေးမှု၏ ပုံသဏ္ဌာန်များကို ပြုမူကျင့်ကြံခြင်း၏ ရလာဒ်များ အသွင်ဖြင့် ယူဆ၍ ရနိုင်သကဲ့သို့ အနာဂတ်တွင် ဆောင်ရွက်အပ်သော အရာတို့အတွက် ကြိုတင်စီမံခြင်း အဖြစ်လည်း ယူဆနိုင်ပါသည်။ (A.L. Krober and C,Kluckholn, “ Culture: a critical review of concepts and definitions ”)
လူ့ယဉ်ကျေးမှု၏ အမှန်တရားလေးပါး
(၁) ယဉ်ကျေးမှုသည် ပညာရေး၏ ရလာဒ်ဖြစ်သည်။ ပညာရေးကို မိဘများထံမှ လည်းကောင်း၊ သင်ရိုးစနစ်ဖြင့် သင်ကြားပေးသော ဘာသာရေးကျောင်းများ၊ စာသင်ကျောင်းများမှလည်းကောင်း၊ မိတ်ဆွေများနှင့် လူမှုရေးဝန်းကျင်များမှလည်းကောင်း သင်ယူရရှိသည်။
(၂) ယဉ်ကျေးမှုသည် လူသားအုပ်စုများနှင့် လူ့အဖွဲ့အစည်းများ၏ သရုပ်သကန်ကို ယေဘုယျအားဖြင့် ထင်ဟပ်ပေါ်လွင်စေသည်။ လူသားတို့သည် မိမိအား ပြုစုပျိုးထောင်၍ အထောက်အပံ့ပြုသော လူ့အသိုက်အ၀န်းနှင့် ကင်းလွတ်၍ ရပ်တည်နိုင်ခြင်း မရှိသောကြောင့် လူသား တစ်စုတစ်ဖွဲ့တည်းပိုင် သီးသန့် ယဉ်ကျေးမှု ဟူ၍လည်း မရှိပေ။
(၃) ယဉ်ကျေးမှုသည် လူ့အသိုက်အ၀န်း၏ အတိတ်အမွေ တစ်ရပ်ဖြစ်သော်လည်း၊ ယင်းကို ပြောင်းလဲပြုပြင်ခြင်း သော်လည်းကောင်း ၊ မွမ်းမံခြင်းသော်လည်းကောင်း ပြုလုပ်နိုင်သည်။
(၄) ယဉ်ကျေးမှုကို ‘ ဘာသာစကား ’ အားဖြင့် အဓိကလက်ဆင့်ကမ်းသည်။ လူသားတို့သည် အခြား တိရစ္ဆာန်တို့နှင့် မတူဘဲ ဘာသာစကားကို အသုံးပြု၍ ၊ သတင်းနှင့် အယူအဆ များကို ဆက်သွယ်ပြောဆိုနိုင်ခြင်းကြောင့် ထူးခြား နေရခြင်း ဖြစ်သည်။
တိရစ္ဆာန်တို့နှင့် လူသားတို့အကြား ခြားနားမှု
လူသားတို့သည် ယဉ်ကျေးမှုပေါ်တွင် မှီတည်လွန်းရသည် ဖြစ်ရာ ယင်းနှင့် ကင်းဝေး၍ ရပ်တည်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ အိန္ဒိယ၊ ပြင်သစ်နှင့် အခြားဒေသများတွင် တိရစ္ဆာန်များက ပြုစုစောင့်ရှောက်ထား၍ ဖြစ်စေ ၊ မိမိဖာသာ ကြိုးစား ရုန်းကန်၍ ဖြစ်စေ ၊ ကြီးပြင်း လာရသည် ဆိုသော တောတွင်းသား အရိုင်းကလေးများ ရှိခဲ့ဖူးသည်။ ရုဒ်ယတ် ကစ်ပလင် ( Rudyard Kipling ) ရေးသားသော Jungle Book စာအုပ်၌ အိန္ဒိယနိုင်ငံတွင် ၀ံပုလွေများ၏ စောင့်ရှောက်မှုအောက်၌ ကြီးပြင်းလာခဲ့ရသော တောတွင်းသားလေးတစ်ယောက် အကြောင်းကို ဖော်ပြထားပါသည်။ ထိုကဲ့သို့သော ကလေးများသည် လူနုံ လူအ ကလေးများသာဖြစ်၍ လူလားမြောက်သည့်အထိ သက်တမ်း မရှည်ခဲ့ကြပါ။
တိရစ္ဆာန်တို့နှင့် လူသားတို့အကြား ခြားနားမှုမှာ တိကျပြတ်သားစွာ ထင်ရှားလှသည် မဟုတ်ပါ။ အင်းဆက်ပိုးမွှားများ ကဲ့သို့ သော အဆင့်နိမ့် သတ္တ၀ါများသည် သက်ဆိုင်ရာ နည်းလမ်းများအားဖြင့် ပြုမှုကျင့်ကြံကြရန် ဗီဇအသိက ထိန်းချုပ် စေခိုင်းခြင်းကို ခံနေရ သော သတ္တ၀ါများဖြစ်ပြီး အလွန်ခေတ်မီသော ကွန်ပြူတာ များထက် အနည်းငယ် သာလွန်ကြသယောင်ရှိသည်။ သို့ရာတွင် အဆင့်မြင့် သတ္တ၀ါများမှာမူ အချင်းချင်ထံမှဖြစ်စေ၊ ပတ်ဝန်းကျင်မှဖြစ်စေ ၊ သင်ယူ တက်မြောက်ကြသည်။ ၄င်း အဆင့်မြင့် သတ္တ၀ါများ၏ ပြုမှု ဆက်ဆံပုံမှာ အဆင့်နိမ့် သတ္တ၀ါများထက်ပို၍ သိမ်မွေ့နူးညံ့လျက် ပြောင်းလဲတက်သော သဘောရှိသည်။ သို့တိုင်အောင်ပင် ယင်းတို့သည် ဘာသာစကားကို အပြည့်အ၀ အသုံးမချနိုင်သဖြင့် ချိတ်ဆက်မိသောယဉ်ကျေးမှု တစ်ရပ်ကို တည်ဆောက်ခြင်းနှင့် မျိုးရိုးစဉ် ဆက် လက်ဆင့်ကမ်းခြင်း တို့ကို မပြုလုပ်နိုင်ကြပေ။
ဘာသာစကား မှတဆင့်
သို့ဖြစ်ရာ လူသားသည် ဗီဇအသိနှင့် ယဉ်ကျေးမှု နှစ်ရပ်ပေါင်း၏ ရလဒ်သဖွယ် ဖြစ်နေပေသည်။ လူသားတို့သည် သက်ဆိုင်ရာ စေ့ဆော်မှုများ၊ အမူအကျင့်များနှင့် အတူတကွ မွေးဖွားလာကြခြင်း ဖြစ်သည်။ သို့သော်လည်း လူတို့သည် အဓိကအားဖြင့် ဘာသာစကား မှတဆင့် လူ့အသိုက်အ၀န်း၏ ယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ် အကျင့်အကြံ တို့ကို သင်ကြားတက်မြောက်ကြသည်။ ဥပမာအားဖြင့် စားသောက်ခြင်းသည် လူသားတို့အတွက် လိုအပ်ချက် တစ်ရပ်ဖြစ်ပြီး ဆာလောင်မွတ်သိပ်မှုသည် ဗီဇစိတ်၏ စေ့ဆော်မှု တစ်ရပ်ဖြစ်သည်။ သို့ရာတွင် မည်သည့်အရာအား စားသုံးရမည်ဆိုသည်ကိုမှု ၊ များသောအားဖြင့် ယဉ်ကျေးမှုက အဆုံးအဖြတ်ပေးသည်။
အစ္စလမ် ယဉ်ကျေးမှုက ၀က်သားစားခြင်းကို တားမြစ်သည်။ ဟိန္ဒူဘာသာဝင်တို့က အမဲသားစားခြင်းကို ရှောင်ကြဉ်ကြသည်။ ဗုဒ္ဓဘာသာ ၀င် အတော်များများကမူ အသား၊ ငါးကိုရှောင်ကျင်၍ သက်သက်လွတ် စားကြသည်။
တတိယ အရာ သို့မဟုတ် အသိဉာဏ်
ယဉ်ကျေးမှုသည် ဗီဇစိတ်အားလွှမ်းမိုး၍ ပြုပြင်နိုင်စွမ်းရှိသည်။ သို့သော် လူ့သဘာဝကို ဖွဲ့စည်းပေးသမျှ အရာတို့မှာ ဤမျှ မကပါ။ စင်စစ် ‘ အသိဉာဏ် ’ ဟု ခေါ်ဆိုအပ်သော တတိယအရာ တစ်ခုကိုလည်း လူသားတို့ ပိုင်ဆိုင်ကြလေသည်။ အောက်ပါ ဥပမာနှစ်ရပ်ကို ကြည့်ကြပါစို့-
( ၁ ) ၁၉၅၀ ပြည့်လွန်နှစ်များနှင့် ယင်းထက်စောသော ကာလများအတွင်းက ရှိခဲ့သော အမေရိကန် အစားအသောက်ယဉ်ကျေးမှုတွင် ၊ အသားနှင့် အဆီအစိမ့် များများစားခြင်းကို အားပေးခဲ့သည်။ စံပြအမေရိကန်စားသောက်ဝိုင်း တစ်ခုတွင် အမဲသားကင်တစ်တုံး ၊ အာလူးစိတ် ဆီကျေုာ်များနှင့်ေ၇ခဲမုန့် တစ်ပွဲတို့ ပါရှိတက်သည်။ သို့ရာတွင် အသားနှင့် အဆီတို့ကို ပမာဏများများ စားသုံးပါက နှလုံးရောဂါနှင့် သွေးတိုးရောဂါတို့ ဖြစ်တက်သည်ဟု ဆေးပညာရှင်များက တွေ့ရှိခဲ့သဖြင့် ၊ အမေရိကန်တို့၏ အစားအသောက် ယဉ်ကျေးမှု ပြောင်းလဲ လာကာ ဟင်းသီးဟင်းရွက် ၊ အသီးအနှံ ၊ ငါးနှင့် အဆီနည်းသော အသားတို့ကို ပိုမိုစားသုံးလာကြသည်။ ထိုအခါ ကျန်းမာရေး အဆင့် အတန်းလည်း ပိုမိုတိုးတက်လာကြသည်။
( ၂ ) လူ့ယဉ်ကျေးမှုတိုင်းအတွက် မဟုတ်သည့်တိုင်အောင် ၊ ယဉ်ကျေးမှုများစွာတို့အတွက်မှု စစ်ပွဲနှင့်ပတ်သက်သော ဂုဏ်သိက္ခာ သည် ရှေးဝေသဏီကတည်းကပင် ယဉ်ကျေးမှု၏ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့လေသည်။ ထိုစဉ်အခါက လူ့အသိုက်အ၀န်း၏ တည်တံ့ရေး သည် စစ်ရေးကျွမ်းကျင်မှုပေါ်တွင် မှီတည်ခဲ့သည်။ သို့ရာတွင် ၂၀ ရာစုအစပိုင်းတွင်မှု စစ်ဟူသည် နောက်ဆုံး၌ ကောင်းကျိုး မပေး သည့်အပြင် ၊ ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်နေခြင်းမျိုးသာ ဖြစ်ကြောင်း လူတို့ သိနားလည် လာကြသည်။ ၁၉၄၀ ပြည့်လွန် နှစ်များတွင် အနုမြူ လက်နက်များကို တီထွင် ထုတ်လုပ်နိုင်စွမ်း ရှိလာသောအခါ လူတို့သည် မိမိတို့၏ လူသားမျိုးနွယ် တစ်ရပ်လုံးကို ပထမဆုံးအကြိမ် အဖြစ် မိမိတို့ ကိုယ်တိုင် အပြီးအပြတ် ချေမှုန်း နိုင်တော့မည် ကဲ့သို့ ဖြစ်လာလေသည်။ ထို့ကြောင့် လူသားတို့ အသက်ရှင် ရပ်တည် နေနိုင်ရေးအတွက် စစ်ကို ဖယ်ရှားပစ်ရမည်ဟု မြင်လာကြပြီး စစ်လိုလားသော ယဉ်ကျေးမှုကို ဝေဖန် ရှုတ်ချ လာခဲ့ကြသည်။
ယဉ်ကျေးမှုအား အသိပညာဖြင့် ဝေဖန်သုံးသပ်
လူသားတို့အနေဖြင့် သာယာချမ်းမြေ့သော ဘ၀တွင် ရှင်သန်ရပ်တည်လိုပါမူ ယဉ်ကျေးမှုအား အသိပညာဖြင့် ဝေဖန်သုံး သပ်ခြင်း၊ အပြန်ပြန်အလှန်လှန် ဆန်းစစ်ခြင်းတို့ကို ပြုလုပ်ရပေမည်။ ဆိုခဲ့ပြီးသော ဥပမာများတွင် ဖော်ပြခဲ့သကဲ့သို့ ယဉ်ကျေးမှုကို ဝေဖန်ဆန်းစစ်ခြင်း မရှိပဲ လိုက်နာကြမည်ဆိုပါလျင် နောက်ဆုံးတစ်နေ့၌ မိမိကိုယ်ကိုမိမိ ဖျက်ဆီးပစ်ရာ ရောက်မည်သာဖြစ်သည်။ သို့ဖြစ်၍လည်း ယဉ်ကျေးမှုတွင် ကန့်သတ်ချက်များ ရှိလာရခြင်း ဖြစ်သည်။
နိုင်ငံရေး နှင့် နိုင်ငံတော်
နိုင်ငံရေးကို အာဏာနှင့် အုပ်ချုပ်စီရင်ပိုင်ခွင့် တို့အားဖြင့် အရိုးစင်းဆုံးနှင့် အခြေခံအကျဆုံး အဓိပ္ပါယ် သတ်မှတ်နိုင်ပါသည်။ အလွန်ရှေးကျ၍ ရိုးစင်း လွန်းသော လူ့အသိုက်အ၀န်း တို့မှလွဲ၍ အခြားလူ့အဖွဲ့အစည်း အများစုတို့ ပါဝင်သော နိုင်ငံရေး အဖွဲ့အစည်း တစ်ခုသည် ‘ နိုင်ငံတော် ’ တစ်ရပ်ကို ပိုင်ဆိုင်သည်။ ‘ နိုင်ငံတော် ’ ဆိုသည်မှာ ဌာနတစ်ရပ်ဖြစ်၍ -
( ၁ ) ပုံမှန်အားဖြင့် တိကျစွာ သတ်မှတ်ထားသော ပိုင်နက်နယ်မြေ တစ်ခုအတွင်းရှိ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း တစ်ရပ်၏ အချုပ်အခြာ အာဏာကို ပြိုင်ဖက်ကင်းမဲ့စွာ ပိုင်ဆိုင်ည်။ တစ်နည်းအားဖြင့် နိုင်ငံတော်သည် ပုံသေသတ်မှတ်ထားသော နယ်နိမိတ်များရှိသည့် နယ်မြေတစ်ခုအတွင်းတွင် နေထိုင်ကြသည့် လူသားအုပ်စုများကို ထိန်းချုပ် ထားခြင်းဖြစ်သည်။
( ၂ ) သဘောတရားရေးရာ အရဖြစ်စေ၊ အုပ်စုသဘော အရ ဖြစ်စေ၊ တူညီသော လူမှုရေးဦးတည်ချက်အရ ဖြစ်စေ၊ သို့မဟုတ် ဘာသာရေးအရ ဖြစ်စေ၊ ၄င်း၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုသည် ‘ တရားဝင်ကြောင်း ’ ထုတ်ဖော် ကြေညာလေ့ရှိသည်။ တစ်နည်း ဆိုရသော် နိုင်ငံတော် တစ်ရပ်သည် ယင်းတွင် အာဏာ သာမက တရားဝင် အုပ်ချုပ်စီရင်ပိုင်ခွင့် ပါရှိကြောင်းထုတ်ဖော် ကြေညာလေ့ ရှိသည်။
လူနှင့်နိုင်ငံရေးကို ဆက်စပ်ကြည့်ခြင်း
ကျွန်ုပ်တို့သည် အလွန် အခြေခံကျသော အဓိပ္ပါယ်သတ်မှတ်ချက် နှစ်ရပ်ကို ဖွင့်ဆို သတ်မှတ်ခဲ့ပြီး ဖြစ်သည်။ ယင်းတို့ကို ပြန်လည်ဖော်ပြရလျှင် -
( ၁ ) လူဆိုသည်မှာ ဗီဇအသိ ၊ ယဉ်ကျေးမှု နှင့် အသိဉာဏ် ဟူသည် အဆင့်သုံးဆင့်တို့ အားဖြင့် ပြုမှုကျင့်ကြံ နေထိုင်ကြသည့် သတ္တ၀ါ
များဖြစ်သည်ဆိုသည့် အဓိပ္ပါယ်သတ်မှတ်ချက် နှင့်
( ၂ ) နိုင်ငံတော် ဆိုသည်မှာ နိုင်ငံရေးဌာန တစ်ရပ် ဖြစ်၍ အာဏာကို ကျင့်သုံးသည့် အပြင် ယင်း၌ တရားဝင် အုပ်ချုပ်စီရင်ပိုင်ခွင့် ပါရှိကြောင်း ထုတ်ဖော် ပြောဆိုလေ့ရှိသည် ဆိုသည့် အဓိပ္ပါယ်သတ်မှတ်ချက်များ ဖြစ်ကြသည်။
သို့ဖြစ်လျှင် ကျွန်ုပ်တို့အနေဖြင့် နိုင်ငံရေးနှင့် လူ့သဘာဝကို မည်ကဲ့သို့ ဆက်စပ် ပေးကြမည်နည်း။ ဆက်စပ် ကြည့်နိုင်သော နည်းလမ်းတစ်ရပ်မှာ ‘ ဒီမိုကရေစီနိုင်ငံရေး ’ သို့မဟုတ် ‘ တပြေးညီသော သဘော ဆောင်သည့်နိုင်ငံရေး ’ နှင့် ‘ အာဏာရှင်နိုင်ငံရေး ’ သို့မဟုတ် ‘ ထက်အောက် ဒေါင်လိုက်သဘော ဆောင်သည့် နိုင်ငံရေး ’ တို့အား ခွဲခြားရှုမြင်ခြင်းဖြစ်သည်။
အသိဥာဏ် ကိုပါ အသုံးချရန် အားပေးခြင်း
‘ ဒီမိုကရေစီနိုင်ငံရေး ’ ဆိုသည်ကို လူသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး အခြေခံ အားဖြင့် ‘ တူညီမျှတစွာ ’ ဆက်ဆံကြသည့် လူနေမှုဘ၀ တစ်ရပ်အဖြစ် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။ ‘ တပြေးညီ ဆက်ဆံရေး ’ ဟု ဆိုထားသည့်အတိုင်း လူသား အချင်းချင်းတို့၏ ဆက်ဆံရေးသည် အခြေခံအားဖြင့် အပြန်အလှန် လေးစားမှု ရှိကြသည်။ လူတို့၏ တန်းတူသော အဆင့်အတန်းနှင့် ညီမျှသော အခွင့်အရး တို့အား နိုင်ငံတော်က အာဏာဖြင့် ကာကွယ်စောင့်ရှောက်ပေးသည်။ ဤအချက်သည် လူ့အခွင့်အရေးနှင့် နိုင်ငံသား အခွင့်အရေး တို့၏ အခြေခံ အုတ်မြစ်ဖြစ်သည်။ ဆိုခဲ့သော ဒီမိုကရေစီနည်းကျ လူ့အဖွဲ့အစည်း တစ်ရပ်တွင် လူတို့အား ၄င်းတို့၏ ဗီဇအသိနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို သာမက နိုင်ငံတော်၏ မူဝါဒများကို ဝေဖန်နိုင်စွမ်း ၊ တန်ဖိုးဖြတ် သုံးသပ်နိုင်စွမ်းနှင့် လူ့အဖွဲ့အစည်း၏ ပြဿနာရပ်များကို ဖြေရှင်းနိုင်စွမ်း စသည်တို့ ပါဝင်သည့် အသိဥာဏ် ကိုပါ အသုံးချရန် အားပေးခြင်းအားဖြင့် မိမိတို့၏ လူ့အဖွဲ့အစည်း ကို စီမံအုပ်ချုပ်သော နိုင်ငံရေးဘ၀တွင် ပါဝင် ဆောင်ရွက်ခွင့် ရစေသည်။
မိမိတို့၏ ဘ၀ကို မိမိတို့ ကျေနပ်သလို စီစဉ် ကြ
ဂရိတွေးခေါ်ပညာရှင် ပလေတို ( Plato ၄၂၈ - ၃၄၈ ဘီစီ ) ရေးသားခဲ့သော ကျော်ကြား ထင်ရှားလှသည့် The Republic အမည်ရှိ နိုင်ငံရေး အတွေးအခေါ် စာအုပ်တွင် ဒီမိုကရေစီနှင့် ပတ်သက်သော ရှု့ထောင့်တခုကို ယခုကဲ့သို့ ဖော်ပြထားလေသည်။
‘ ပထမဆုံးအနေဖြင့် ဒီမိုကရေစီနိုင်ငံသား တို့သည် လွတ်လပ်ကြသည်။ လွတ်လပ်မှုနှင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်သည် နေရာအနှံ့တွင်ရှိသည်။ လူတိုင်းတွင် မိမိကြိုက်နှစ်သက်ရာကို မိမိလုပ်ပိုင်ခွင့်ရှိသည်။
‘ မှန်ပါသည်။ ထိုအတိုင်းပင် ကျွန်ုပ်တို့ ကြားသိခဲ့ရပါသည်။ ’
‘ ဤသို့ဆိုလျှင် လူတိုင်းသည် မိမိတို့၏ ဘ၀ကို မိမိတို့ ကျေနပ်သလို စီစဉ် ကြပေလိမ့်မည်။ ရလဒ်အားဖြင့် အခြားသော အုပ်ချုပ်ပုံစနစ်များအောက်တွင် ရှိကြသော လူပုဂ္ဂိုလ်တို့ထက် ပိုမိုများပြား စုံလင်သောလူပုဂ္ဂိုလ်တို့ ရှိလာကြမည် ဖြစ်သည်။ ထူးခြားချက် မျိုးစုံတို့ ပါဝင်သော ပုံသဏ္ဌာန် အသီးသီးတို့ ရှိနေခြင်းကြောင့် ဤအရာအား အကောင်းဆုံးဟု ဆိုနိုင်ဖွယ်ရှိပေသည်။ ၀တ်စုံတစ်ခုတွင် အရောင်အသွေးမျိုးစုံတို့ ပါဝင်ယှက်နွယ်နေခြင်းကို အမျိုးသမီးများနှင့် ကလေးများက ကြိုက်နှစ်သက်ကြသကဲ့သို့ လူအများစုကလည်း ဒီမိုကရေစီအုပ်ချုပ်ပုံကို အကောင်းဆုံးဟု ယူဆကြပေလိမ့်မည်။ `( plato,The Republic : Book viii , 557 )
ပလေတို ကိုယ်တိုင်မှာမူ ဒီမိုကရေစီကို အထူးတလည် မြတ်နိုးလှသူတစ်ဦး မဟုတ်ခဲ့ပါ။ ၄င်းသည် အတိုင်းထက်အလွန် ဉာဏ် အမျှော်အမြင်ကြီးမားသော တွေးခေါ်ရှင် ရှင်ဘုရင်များ အုပ်ချုပ်သည့် နိုင်ငံတစ်နိုင်ငံ၏ စနစ်ကျနမှုနှင့် စည်းကမ်းသေ၀ပ်မှုတို့ကို ပို၍ နှစ်သက်သူဖြစ်သည်။ သို့ရာတွင် အထက်ပါ ကောက်နှုတ် ဖော်ပြချက်၌ အရေးကြီးသော အချက်တစ်ချက် ပါဝင်ပါသည်။ ၄င်းမှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းများတွင် လူတို့သည် မိမိတို့ကိုယ်တိုင်နှင့် အခြားသူတို့၏ ကောင်းကျိုးအတွက် မိမိယုံကြည်ရာကို အသိဉာဏ် နှင့် ယှဉ်၍ ဆောင်ရွက်ခွင့် ရှိသောကြောင့် ၊ ဤလူ့အဖွဲ့အစည်းများသည် ကွဲပြားခြားနား၍ အရောင်အသွေး စုံလင်ကြသည် ဟူသော အချက်ဖြစ်သည်။ မည်သို့ဆိုစေ ပလေတိုသည် ဒီမိုကရေစီနိုင်ငံရေးကို အာဏာရှင် နိုင်ငံရေးထက် များစွာပို၍ နှစ်ခြိုက်ခဲ့ပါသည်။
အမေးအမြန်းမဲ့စွာ အမိန့်နာခံ ၊ လှုပ်ရှားဆောင်ရွက်ကြ
အာဏာရှင်နိုင်ငံရေးတွင် လူသားတစ်စု(လူ့အသိုက်အ၀န်း)၏ လူမှုဆက်ဆံရေးသည် အခြေခံ အားဖြင့် ထက်အောက် ဒေါင်လိုက် တည်ရှိနေသည်ဟု ရိုးစင်းစွာ အဓိပ္ပါယ် သတ်မှတ်၍ ရနိုင်ပါသည် ။ နိုင်ငံရေးနှင့် လူမှုရေး ထက်အောက် စဉ်ဆက်စနစ်အရ၊ အထက်လွှာမှ နိုင်ငံရေးနှင့် လူမှုရေး ထိပ်ပိုင်း ပုဂ္ဂိုလ်များသည် စစ်ရေးအောင်မြင်မှု ၊ စီးပွားရေး ဖွံ့ဖြိုးမှု ၊ သူတို့ကိုယ်ပိုင် ဥစ္စာဓနနှင့် စည်းစိမ်ချမ်းသာတိုးပွားမှု စသည့် ရည်ရွယ်ချက်များ ပြည့်ဝစေရေးအတွက် အောက်လွှာမှ အဆင့်နိမ့် ပုဂ္ဂိုလ်များ အသုံးချခံရသည် ဟုဆိုရာတွင် ၊ နိုင်ငံတော်က သူတို့၏ အသိဉာဏ်ကို အသုံးချခွင့်မပေးပဲ ဗီဇအသိ အားဖြင့်သာ အထက်လွှာတို့၏ ယဉ်ကျေးမှုစံနှင့်အညီ လှုပ်ရှားဆောင်ရွက်ကြရသည်ကို ဆိုလိုရင်းဖြစ်သည်။ သူတို့၌ ကိုယ်ပိုင် တွေးခေါ်ပိုင်ခွင့် နှင့် ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့် ဟူ၍မရှိ။ အကျိုးဆက် အားဖြင့် အသိဥာဏ်ပညာနှင့် ပတ်သက်လာသော အရာကိစ္စမှန်သမျှတို့ကို မိမိ၏ အထက်မှ ပုဂ္ဂိုလ်ကသာ စီမံဆောင်ရွက်လိမ့်မည်ဟု ယုံကြည်လေ့ရှိသည့်၊ အမေးအမြန်းမဲ့စွာ အမိန့်နာခံ တတ်သော နောက်လိုက်ကောင်းများ ပေါ်ထွန်းလာခြင်းပင်ဖြစ်သည်။
အထက်လွှာ - အောက်လွှာ စိတ်ဓါတ်
မကြာသေးမီက ပုံနှိပ်ထုတ်ဝေခဲ့သော နိုင်ငံပြင်ပရောက် မြန်မာတစ်ဦး၏ စာတမ်း တစ်စောင်၌ ထက်အောက်ဒေါင်လိုက် ( သို့မဟုတ် ) အာဏာရှင်နိုင်ငံရေး၏ သရုပ်သကန် အကြောင်းကို ယခုကဲ့သို့ ထင်ရှားစွာ ဖေါ်ပြထားပါသည်။
၂၁-ရာစုနှစ် သို့ ချင်းနှင်း ဝင်ရောက်လာပြီဖြစ်သော်လည်း မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၌ ထက်အောက်စဉ်ဆက် ရိုးရာလူမှုရေးစနစ်မှ ဆင်းသက်လာသော အထက်လွှာ - အောက်လွှာ စိတ်ဓါတ်သည် နိုင်ငံရေးလောက တစ်ခုလုံးကို လွှမ်းမိုးထားဆဲ ဖြစ်သည်။ ထိုကဲ့သို့သော လူ့အဖွဲ့အစည်းများ သို့မဟုတ် ဂုဏ်ထူး ၀ိသေသ ခွဲခြားသည့် စနစ်များ အောက်တွင် တန်းတူညီမျှ သောလူတို့၏ နိုင်ငံတစ်ခု ဖြစ်တည်ရန် အခွင့်အလမ်း မရှိသလောက်ပင်။ လူတစ်ဦးတစ်ယောက်သည် အသက်အရဖြစ်စေ ၊ ဆွေမျိုး တော်စပ်မှုအရ ဖြစ်စေ၊ လူမှုရေးအဆင့်အတန်းအရဖြစ်စေ ၊ အာဏာပိုင်ဆိုင်မှုအရ ဖြစ်စေ၊ ( ဗုဒ္ဓဘာသာဝင် ဖြစ်လျှင် ) ပါရမီကံ ရင့်ကျက်မှု အရ ဖြစ်စေ ဆူကြုံနိမ့်မြင့် ရှိမည်သာ ဖြစ်သည်။
ဤ အထက်လွှာ - အောက်လွှာ စိတ်ဓါတ်သည် နိုင်ငံရေးကိုလည်း အတိုင်းအတာ တစ်စုံတစ်ခု အထိ လွှမ်မိုး၍ ပုံသွင်း တက်လေသည်။ ဥပမာ အားဖြင့် ရာထူး နှင့် အာဏာရှိသော နိုင်ငံရေးသမား များကို သာမန် လူတို့ထက် မြင့်မြတ်သော အထက်လွှာစာရင်းဝင် ထိပ်တန်းပုဂ္ဂိုလ်များ အဖြစ် အလိုအလျောက် သတ်မှတ်ကြသည်။ သို့ဖြစ်ရာ ခေါင်းဆောင် ဟူသည် ဘုန်းတန်ခိုး သြဇာ အာဏာ ရှိသည်သာမက ထူးခြား ကောင်းမွန်သော ပါရမီလည်း ရှိသည်ဟု ယူဆခံရသည်။ အကျိုးဆက်အားဖြင့် ထိုခေါင်းဆောင်သည် မိဘ အသွင်သို့ရောက်ရှိလာကာ တန်ခိုးအာဏာရှိပြီး အနည်းငယ် မြင့်မြတ် ထူးခြားသူ ဖြစ်လာတော့သည်။ သာမန်လူတို့ အနေဖြင့် ထိုပုဂ္ဂိုလ် ဦးဆောင်ရာနောက်သို့ ဆင်ကန်းတောတိုး လိုက်ရသည့် အပြင်၊ သူ့အားတစ်နည်းအားဖြင့် ဝေဖန်ရှုတ်ချခြင်းမျိုးကိုသော်လည်းကောင်း၊အရိုအသေတန်အောင် ဆက်ဆံခြင်းမျိုးကိုသော်လည်းကောင်း ပြုလုပ်ခွင့် မရှိတော့ပေ။
အရေးကြီး ပုဂ္ဂိုလ် (VIP) နှင့် ဖော်လံဖါးများ
သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် တတိယကမ္ဘာ နိုင်ငံများတွင် နိုင်ငံရေးသမားများနှင့် ခေါင်းဆောင်များသည် အဆင့်မြင့် လူသားများ သဖွယ်ဖြစ်လာကြပြီး ဥရောပ အလယ်ခေတ်မှ မင်းမျိုးမင်းနွယ်များကဲ့သို့ အခွင့်ထူးရလာကြသည်။ ၄င်းတို့အပါးတွင် အတွင်းရေးမှုးများ ၊ လက်ထောက်များ ၊ ကိုယ်ရံတော်များ ၊ အစေခံများ ၊ ကပ်ပါးရပ်ပါးများနှင့် ဖေါ်လံဖါးများ အမြဲတစေ ၀န်းရံလျက်ရှိသည်။ ထိုသို့ ၀န်းရံနေသူ များက လမ်းရှင်းပေးခြင်း ၊ ဦးညွှန်အလေးပြုခြင်း ၊ တံခါးဖွင့်ပေးခြင်း ၊ ဖိနပ်ကိုင်ပေးခြင်း ၊ ရေပူရေချမ်းကမ်းလှမ်းပေးခြင်း ၊ ကုလားထိုင်ဆွဲပေးခြင်း နှင့် သာမန်လူများကို ခေါင်းဆောင်၏အနားမကပ်နိုင်အောင် သဟောက်သဟပြုခြင်း စသည်တို့ကို ယင်းခေါင်း ဆောင် အိမ်တွင် နေစဉ်သော်လည်းကောင်း ၊ ခရီးသွားလာစဉ်သော်လည်းကောင်း ပြုမှုကြသည်။ ထူးခြားဆန်းပြားသော ၀တ်စုံကို ၀တ်ဆင်၍ဖြစ်စေ ၊ ရတက်သမျှ ဘွဲ့ထူး ဂုဏ်ထူး ဆိုင်ရာ ရောင်စုံဖဲပြားတန်းများကို ရင်ဘတ်အပြည့် တပ်ဆင်၍ဖြစ်စေ၊ မိမိသာ အရေးကြီး သယောင်မော့မော့ကြွားကြွား လမ်းလျှောက်ကာ လေလုံးထွားနေတက်သော အရေးကြီး ပုဂ္ဂိုလ် ( VIP ) ဆိုသူများကို ၊ သူတို့အား ဖော်လံဖါးလျက် ရှိသည့် လက်အောက် ငယ်သားများ အကြား၌ တွေ့ရလေ့ရှိသည့်မြင်ကွင်းမှာ ရယ်စရာကောင်းလွန်းလှသည်။
ထိုကဲ့သို့သော အာဏာရှင်ဆန်ဆန် စိတ်ဓါတ်မျိုး၏ လွှမ်းမိုးချယ်လှယ်မှု အောက်မှ လွတ်မြောက်နိုင်ရေးသည် မြန်မာနိုင်ငံ၏ အခက်ခဲဆုံးသော နိုင်ငံရေး စိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်သည်။
ဟာဂျီဝက်စ်လီ
မှတ်ချက် ။
ကက်နက်အေ ၊ မတ်ကေး ရေးသား၍ ဒေါင်းညို ဘာသာပြန်ဆိုသော ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ထုတ်နှုတ် စုစည်း တင်ပြထားခြင်းဖြစ်ပါသည် ။
နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့
အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။
ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။
သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)
မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။
နိုင်ငံတစ်ခုတည်ထောင်ပြီး နေမယ်ဆိုရင်၊ ကိုယ်လုပ်ချင်တာ လုပ်နေနိုင်ရ မယ်ဆိုတဲ့ အသိသာ လူတိုင်းရှိနေရင် သိပ်ကောင်းမှာဘဲ။ ဒါပေမယ့် ပြစ်မှု ဆိုင်ရာ လုပ်ထုံး၊ အကျဉ်းထောင်၊ ပြစ်ဒါဏ်၊ ရဲ စတာတွေဟာ လိုအပ်နေ တယ်လို့ တကယ်ပညာရှိတွေက ထောက်ခံပြီး ရေးဆွဲအကောင်အတည်ဖော် ဆောင်ကြတယ်ဟေ့။ ဒီသဘောကို အမြော်အမြင်ရှိရှိ စဉ်းစားတတ်ယင် မိုးမြေ လက်မခံတဲ့ ဒုစရိုက်မှုတွေအတွက် ဘုရားရဲ့ စီမံခန့်ခွဲမှုဟာ မျှတပါတယ်။
ReplyDeleteအဲ..သူတပါး အဆဲခံရမှာကြောက်ရင်၊ သူများလဲ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ကို မထိခိုက်နဲ့ပေါ့ကွာ။