နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Showing posts with label ဗုဒ္ဓဘာသာ. Show all posts
Showing posts with label ဗုဒ္ဓဘာသာ. Show all posts

Friday, November 22, 2013

ဗုဒ္ဓ၏ မိန့်ခွန်းသံ နှင့် တမန်တော်မျဒ် မိုဟာမက်(ဆွ) ပြောစကား ဘယ်လိုကွာသလဲ

“ဗုဒ္ဓ” သည် ကမ္ဘာပေါ်ရှိ မည်သည့် ဘာသာ အယူဝါဒ ထူထောင် ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊ မပြုလုပ်နိုင်သော“ထူးခြားအံ့ဖွယ် ကမ္ဘာကျော် မိန့်ခွန်းတစ်ရပ်”ကို ရဲဝံ့ ပြတ်သားစွာ ဟောကြားခဲ့ ပါသည်။
အိန္ဒိယနိုင်ငံ၊ ကောသလတိုင်း၊ ကေသမုတ္တိရွာသား၊ ကာလာမ လူမျိုးတို့ကို ဟောကြားသော “ကာလာမသုတ္တန်” သည် “အမှန်တရားကို ရှာဖွေသူ တစ်ဦးထံသို့ ဗုဒ္ဓ၏ လက်ဆောင် လမ်းညွှန်ချက်” တရားတို့ပင် ဖြစ်သည်။
ဤ သုတ္တန်တရားတော်မှ ဗုဒ္ဓ၏ မိန့်ခွန်းသံသည် အတွေးအမြင် မှုန်ဝါးနေသူကို အလင်းရောင်ခြည် ရစေသော “မီးရှုးတန်ဆောင်ပမာ” ဖြစ်ပါသည်။
ဘာသာရေး ထုံးတမ်းစဉ်လာ ကြားတွင် တွေဝေငေးမော နေသူများကို သစ္စာတရား လမ်းမှန်ဆီသို့ တက်တက်ကြွကြွ လျှောက်လှမ်းနိုင်အောင် လမ်းဖွင့် ပေးလိုက်သော ကြည်လင် ချိုမြသည့် “ဓမ္မခေါင်းလောင်းသံ”လည်း ဖြစ်ပေသည်။

ဗုဒ္ဓ ၏ ထို မိန့်ဆိုချက်မှာ……
“အို….ကာလာမလူမျိုး အမျိုးကောင်းသားတို့…၊ သင်တို့သည် လက်ခံကျင့်သုံး အပ်သော အမှန်တရား ဓမ္မတို့ကို ဤ အချက် (၁၀) ချက်ဖြင့် ဆင်ခြင်စိစစ်၍ ဆုံးဖြတ် အားထုတ်ကြ ကုန်လော့…။
(၁) ဤတရားတော်သည် မိရိုးဖလာ ရှေးအစဉ်အဆက်က ပြောကြား သိမှတ် လာခဲ့တာပဲလို့ “ရှေးစကား” ဖြစ်ရုံနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံလိုက်ပါ နဲ့ဦး။
(၂) ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ “ဓလေ့ထုံးစံ” ဖြစ်ရုံနဲ့ပဲ အားလုံးကို အမှန်ဖြစ်တယ် လို့ ယူဆပြီး လက်မခံလိုက်ပါနဲ့ဦး။
(၃) လူအများက ပြောနေကြတာပဲ ဆိုပြီးတော့ လူသိထင်ရှား “နာမည် ကျော်ကြားရုံ” နဲ့ မစုံစမ်း မဆင်ခြင်ဘဲ အဲဒီ အယူဝါဒကို လက်မခံလိုက် ပါနဲ့ဦး။
(၄) “ရှေးဟောင်း စာပေကျမ်းဂန်” တွေထဲမှာ ရေးထားတာပဲ ဆိုပြီးတော့လည်း အလွယ် တကူ လက်မခံ လိုက်ပါနဲ့ဦး။
(၅) မိမိဥာဏ်ရှိသမျှ တွေးခေါ် ကြံဆထားတဲ့ “အယူအဆ” ကိုလည်းပဲ မှန်လှပြီ လို့ မသတ်မှတ် လိုက်ပါနဲ့ဦး။
(၆) အဲဒီတရား အယူအဆဟာဖြင့် ထောက်ပံ့ အမှီပြုအပ်တဲ့ “နည်းနာ နိဿယ” တွေ၊ အကြောင်းပြချက်တွေ ရှိနေတာဘဲ ဆိုပြီးတော့လည်း အလွယ် တကူ လက်မခံလိုက်ပါနဲ့ဦး။
(၇) မိမိဘာသာ “တွေးခေါ်ကြံစည် ဆင်ခြင်ပြီး” ဟုတ်လှပြီ လို့ သဘောကျ နှစ်ခြိုက်ရုံနဲ့လဲ မှန်လှပြီ လို့ မယူဆ လိုက်ပါနဲ့ဦး။
(၈) ဒီတရား အယူအဆတွေ ဟာဖြင့် မိမိစဉ်းစား တွေးတော ထားတာတွေနဲ့“တူညီတာပဲ” ဟု ဆိုရုံမျှနဲ့ လည်း အမှန်တွေဘဲ လို့ လက်မခံလိုက် ပါနဲ့ဦး။
(၉) အများက “လေးစားရိုသေ အပ်တဲ့ ပုဂ္ဂိုလ်ကြီး” ရဲ့ ပြောတဲ့ စကားပဲ ဆိုပြီး တော့လည်း မဆင်မခြင်ပဲ မယုံကြည် လိုက်ပါနဲ့ဦး။
(၁၀) ငါတို့ ရင်းနှီး ကျွမ်းဝင်ချစ်ခင်တဲ့ “ငါတို့ဆရာသမား” ပြောကြားတဲ့ စကားပဲ ဆိုပြီတော့လည်း အပြီးသတ် လက်ခံ ယုံကြည်မှုကို မပြုလိုက်ပါနဲ့ဦး။
“ကာလာမ လူမျိုးတို့……
သင်၏ ကိုယ်ပိုင်ဥာဏ်ဖြင့် ဦးစွာဆင်ခြင် သုံးသပ်ကာ…..
ဤတရားတို့ကား.. မကောင်းမှု တရားတို့ပေတည်း။
ဤတရားတို့ကား.. အကျိုးမဲ့ အပြစ်ကိုသာ ဖြစ်စေသော တရားတို့တည်း။
ဤတရားတို့ကား.. ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။
ဤတရားတို့ကား.. ဆင်းရဲ ဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်း မဟုတ်သော တရားတို့ပေတည်း……ဟု ရှောင်ရှား ပယ်စွန့်သင့်သည် တို့ကို စွန့်ပစ်ကာ လက်ငင်း အကျိုးကျေးဇူး အမှန်တကယ် ပြုနိုင်သော တရားတို့ကိုသာ လက်တွေ့ ကျင့်သုံးပြီးမှ ယုံကြည် လက်ခံကြပါ….ဟု ပွင့်လင်းစွာ မိန့်ကြားခဲ့ ပါသည်။

“ဘာသာအယူဝါဒ ဂိုဏ်းဂဏ ထူထောင်သူတို့သည်…
ငါ့ကိုသာ ယုံကြည်ကိုးကွယ် ကြရမည်။
ငါပြောသည့် အတိုင်းသာ ပြုလုပ်ကြရမည်။
ငါ့ကို မယုံကြည်လျှင် အပြစ်ရှိသည်။ ငရဲ သို့ကျရောက်စေရမည်။”… ဟု ခြိမ်းခြောက် ဟောပြော၍ လူစုနေချိန်တွင်……”

“ဗုဒ္ဓ” က…
“ငါပြောတာကိုလည်း ရမ်းပြီး မယုံလိုက်ပါနဲ့ဦး။ ဆင်းရဲဒုက္ခ ငြိမ်းအေးပြီး ချမ်းသာသုခကို ဖြစ်စေတဲ့ …. သစ္စာ(၄)ပါး၊ မဂ္ဂင်(၈)ပါး.. တရားဓမ္မကို ဦးစွာ ကျင့်သုံးပြီး ကိုယ်တိုင် ပစ္စုပ္ပန်မှာ လက်တွေ့ သဘာဝကျကျ အကျိုးခံစားရမှ ယုံယုံကြည်ကြည်နဲ့ လက်ခံကြပါ”…ဟု.. ဟောကြားရဲခြင်းသည်…
ဓမ္မ၏ မြင့်မြတ်မှန်ကန်သော.. ဂုဏ်တော် တစ်ရပ်ပင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ ဘာသာအယူဝါဒ မျိုးစုံတို့ အတွက် “အံ့သြ တုန်လှုပ်ဖွယ် မိန့်ခွန်းတော် တစ်ရပ် ” ပင် ဖြစ်ပေတော့သည်။


Credit to:
“ဓမ္မရသ စာစုများ” အမှတ်(၂)၊ (စာ-၁၄)

Read More(အပြည့်အစုံဖတ်လိုလျင်).......

Monday, December 17, 2012

အလ္လာဟ်ရှင် တန်ခိုးပြသဖြင့် ဗုဒ္ဓရဟန်းတော်တပါး ကျောက်အဖြစ်ပြောင်းလဲသွားခြင်း

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကြိမ်တောမြောင် ကျေးရွာအုပ်စု၊ ကြိမ်တောမြောင် ကျေးရွာရှိ သိမ်ကျောင်းဆရာတော် ဘုရားကြီး ဘဒ္ဒန္တ အာဒိစ္စ၀ံသ၊ သက်တော် (၉၅) နှစ်၊ ၀ါတော် ၇၅ ၀ါသည် ပျံလွန်တော်မူသွားသည်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက် ရှိလာသော်လည်း ရုပ်ကလာပ်မှာ ပုပ်ပွပျက်စီးခြင်း မရှိဘဲ ခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်သွား သကဲ့သို့ ရုပ်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
ဆရာတော်ဘုရာကြီးသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက် သီတင်းကျွတ် လပြည့်ကျော် ၁ ရက် နေ့ညနေ ၆ နာရီ ၅၀ မိနစ်တွင် တောင်ငူမြို့ ကေတုအထူးကုဆေးခန်းတွင် ပျံလွန်တော်မူသွားခဲ့ပြီး ရုပ်ကလာပ်အား သီတင်းသုံးတော်မူရာ သိမ်ကျောင်းတိုက်တွင် ထားရှိပါ သည်။ ရုပ်ကလာပ်အား သင်္ဂြိုဟ်မည့် ရက်ကာလတွင် ဆရာတော်၏ ဘယ်ဘက်မျက်လုံးတော်ဘက်မှ မှိုကဲ့သို့သော ပွင့်ဖတ်ဖြူဖြူပုံစံများ ပေါ်ပေါက်နေသည်ကို သတိထားမိရာမှ သိမ်ကျောင်းဂေါပက လူကြီးများနှင့် ရွာသူရွာသားများက မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌထံသို့ တင်ပြလျှောက်ထားကြပြီး ရုပ်ကလာပ်ခန္ဓာကိုယ်အား ဆေးထိုးထားခြင်း မရှိကြောင်းနှင့် ရွာသူရွာသားများကလည်း မီးသင်္ဂြိုဟ်ရန် ဆန္ဒမရှိသေးဘဲ ရုပ်ကလာပ်အား ဆက်လက်ထားရှိရန် ခွင့်ပန်ကြသဖြင့် ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်ခြင်းမရှိပဲ မှန်းခေါင်းအတွင်း ထားရှိရာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက်ရှိပြီဖြစ်ကြောင်း ကြိမ်တောမြောင်သိမ်ကျောင်း ဂေါပကအဖွဲ့ဝင် ဦးချစ်လှိုင်က ပြောကြားသည်။


//ပုပ်ပွပျက်စီးခြင်းမရှိဘဲ ကျောက်ကဲ့သို့ ရုပ်ပြောင်းလဲမှု ဖြစ်နေသော ဆရာတော်ကြီး၏ ဦးခေါင်းအား တွေ့ရစဉ်//
“သင်္ဂြိုဟ်မယ့်နေ့က ရုပ်ကလာပ်ကို မယူလိုက်တော့ ခန္ဓာကိုယ်က ပျော့ပျောင်းနေတယ်၊ အေးပြီးတောင့်နေတာမျိုး မရှိဘူး၊ ၁၅ ရက်လောက်ကြာပြီး ခန္ဓာက သိသိသာသာ ရုပ်ပြောင်းလဲလာတဲ့ အချိန်မှာ ကိုင်ကြည့်တော့ ကျောက်ဖြစ်သွားသလို မာတောင့်နေတယ်။ အနံ့အသက်လည်း လုံးဝမထွက်ပါဘူး” ဟု ဆရာတော်၏ ခန္ဓာကို ကိုယ်တိုင်မယူ ထိတွေ့ခဲ့ သူ ကိုမောင်မောင်းစိန်က ပြောကြားသည်။
ဆရာတော်ဘုရားကြီးသည် ကြိမ်တောမြောင်ကျေးရွာနေ ခမည်းတော်ဦးခိုင်လေး၊ မယ်တော်ဒေါ်ထွေးညိုတို့မှ ဖွားမြင်ကာ မွေးချင်း ၇ ယောက်အနက် သုံးယောက်မြောက် သားဖြစ်ပြီး ငယ်နာမည်မှာ မောင်ဟန်တင်ဖြစ်သည်။ ဖူးမြော်ကြည်ညိုလိုပါက တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့စိုးမြစ်ဆိပ်သို့သွားရာ အရှေ့ဘက် ကျောက်လမ်းကြမ်းအတိုင်း ၄ မိုင်ခန့်၊ စစ်တောင်းမြစ်အနီး မြစ်ကမ်းပါးအတိုင်း တောင်ဘက် တောင်သာရွာသို့ ဆိုင်ကယ်ဖြင့် ၂၅ မိနစ်ခန့် မောင်းနှင်ရပြီး ထိုမှမြစ်ကို စက်လှေဖြင့်ကူးကာ တောင်ဘက်သို့ ငါးမိနစ်ခန့် ဆိုင်ကယ်မောင်းလျှင် ဆရာတော်ကြီး၏ ရုပ်ကလာပ်ရှိရာ ကြိမ်တောမြောင်ကျေးရွာ သိမ်ကျောင်းတော်သို့ ရောက်ရှိကြောင်း သိရှိရသည်။
ဇော်ဝင်းချစ်(တောင်ငူ)



Ref:
http://www.searchmyanmar.com/link/frame/cid/16021

Read More(အပြည့်အစုံဖတ်လိုလျင်).......

Sunday, December 25, 2011

ဗုဒ္ဓဝါဒီတို့လက်ခံထားသည့် တန်ခိုးရှင်နှင့် အပြစ်သဘောတရား


ကမ္ဘာတွင် ပေါ်ပေါက်ခဲ့သမျှသော ဘာသာတရားအသီးသီးသည် နဂိုမူလက လူသားထုတစ်ရပ်လုံး ငြိမ်းချမ်းရေး၊ လူသားချင်းကိုယ်ချင်း စာတရား ထွန်းကားရေးစသည့် ကောင်းမြတ်သောတရားများ ပေါ်ထွန်းလာစေရေးကို ရည်ရွယ်လျက် ထွန်းကားလာခဲ့ခြင်း ဖြစ်ပေသည် ။
သို့သော် အဆိုပါဘာသာတရား အသီးသီးကို ယုံကြည်ကိုးကွယ် ဆည်းကပ်ကြကုန်သော လူသားတို့အနေဖြင့် မိမိတို့ကိုးကွယ်ရာ ဘာသာတရားအပေါ် သင့်လျော်မှန်ကန်သော ဆင်ခြင်နှလုံးသွင်းမှုသာ မရှိခဲ့ပါလျှင် ငါ့ဘာသာမှ ငါ့ဘာသာဟူသော တစ်ယူသန်အစွဲဖြင့် ဘာသာတရား ကိုင်းရှိုင်းမှုသည် လူသားတို့ကို လမ်းမှားသို့ပို့ဆောင်ပေး တတ်ကြောင်း ကမ္ဘာ့သမိုင်းတွင် ပေါ်ပေါက်ခဲ့သည့် သမိုင်းဝင် ဘာသာရေးစစ်ပွဲကြီးများက သက်သေခံလျက်ရှိပေသည်။
ဘာသာရေး ကိုင်းရှိုင်းသူများသည် အယူဝါဒရေးအရမဟုတ်ဘဲပုဂ္ဂိုလ်ရေးအရ ယုံကြည်မှုကို အကြောင်းပြုလျက် သြဇာအာဏာထူထောင်ရန် ကြိုးစားနေကြသော လူပုဂ္ဂိုလ်နှင့် ဂိုဏ်းဂဏမျိုးစုံ၏ကြိုးကိုင်မှုမှ လွတ်ကင်းရန် အစဉ်သတိပြုလျက် မိမိတို့ကိုယ်ကို ကာကွယ် စောင့်ရှောက်သင့်ပေသည်။
ကျွန်ုပ်တို့သည် ကောင်းမြတ်သောတရားများကို ခံယူကျင့်သုံးကာ ပုထုဇဉ်ဘာဝအားနည်းချက်များကို လျော့ပါးသွားစေခြင်းဖြင့် မြင့်မြတ် စင်ကြယ်သော ဘ၀အခြေအနေဆီသို့ တက်လှမ်းရပေမည်။ ထိုသို့တက်လှမ်းနိုင်ရန်
မိမိတို့ကိုယ်တိုင်မှတစ်ပါး အခြားပြင်ပတန်ခိုးရှင် ဖန်ဆင်းရှင်၊ နတ်ဒေ၀တာ တစ်စုံတစ်ရာကို အားမထားဘဲ မိမိတို့ကိုယ်ကို ပြုစုပျိုးထောင်နိုင်မည့် နည်းနာများကို ညွှန်ကြား ပြသပေး သည့် လမ်းစဉ်တစ်ခုအပေါ်သာ လေးနက်စွာ
ယုံကြည်အားထားမှု ပြုကြရပေလိမ့်မည်။
ဗုဒ္ဓ၀ါဒသည် ကိုယ်ကျင့်တရားဆိုင်ရာမူဝါဒများနှင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများအပေါ် အခြေခံခြင်းဖြင့်သာလျှင် ဘာသာတရားနှင့် အညီ စစ်မှန်စွာနေထိုင်သော ဘ၀တစ်ခုကိုရရှိနိုင်ပြီး ပြင်ပစွမ်းအားရှင်များထံသို့ ယုံကြည်သက်ဝင်ခြင်းမှတစ်ဆင့် မရနိုင်ကြောင်း သွန်သင်ညွန်ပြခဲ့သည်။
ဗုဒ္ဓအလိုကျ ဘာသာတရားကိုင်းရှိုင်းသူ ဆိုသည်မှာ စိတ်ကောင်းစေတနာထားခြင်း၊ သနားကြင်နာခြင်း၊ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေနေထိုင်ခြင်းနှင့် လူသားအချင်းချင်း နားလည်မှုရှိခြင်းတို့ကို လက်ကိုင်ထားလျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သွားနိုင်သူ မျိုးကိုသာ ဆိုလိုခြင်းဖြစ်ပေသည်။


ဘာသာတရားတစ်ခု၏ တာဝန်မှာ အဆိုပါပန်းတိုင်သို့ ရောက်စေရန် လူသားထုတစ်ရပ်လုံးအား စိတ်ဓာတ်ရေးရာ ဖွံ့ဖြိုးတိုးတက်လာစေဖို့ လမ်းညွှန်သင်ပြပေးရန်သာ ဖြစ်ပေသည်။ ယင်းတာဝန်ကို ထမ်းရွက်ခြင်းသည် မျက်မှောက်ခေတ် လူသားထုအကြား ၀မ်းနည်း ဖွယ်ရာ လစ်လပ်နေသည့် ဟာကွက်ကြီးတစ်ခုကို ဖြည့်ဆည်းပေးရာလည်း ရောက်ပေလိမ့်မည်။
စိတ်ဓာတ်ရေးရာ ရင့်ကျက်ဖွံ့ဖြိုးမှုကင်းမဲ့ခြင်းသည် လောကီအာရုံများအား တွယ်တာမက်မောလျက်ရှိသော တစ်ကိုယ်ကောင်းဆန်သည့် လူသားများကိုသာ ဖြစ်ထွန်းလာစေခဲ့သည်။ ထိုသူတို့ထဲမှတချို့သည်
ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုကို ပဓာနထားသည့် ဘာသာရေး အတွေးအခေါ်တစ်ရပ်ကို ထူထောင်ခဲ့ကြသည်။ ဤသို့ပြုခြင်းအားဖြင့် သူတို့လိုက်နာကျင့်သုံးသည့် ဘာသာတရားသည် စိတ်ပိုင်းဆိုင်ရာ ဖြူစင်သန့်ရှင်းမှုကို ပျောက်ဆုံးစေခဲ့သည်။
ဗုဒ္ဓ၀ါဒကမူ လောကီရေးရာကိစ္စများ၊ ရုပ်ဝတ္ထုပစ္စည်းများ ရယူပိုင်ဆိုင်နိုင်ရေးအတွက်ရော၊ စိတ်ပိုင်းဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အသုံးဝင်သည့်နည်းလမ်းတို့ကို သွန်သင်ညွှန်ပြခဲ့ပေသည်။
မည်သို့ဆိုစေ ဗုဒ္ဓဘာသာဝင်တို့အနေနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုမပါသော ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုများကို
ဘာသာသာသနာ ထွန်းကားမှု၏ အထိမ်းအမှတ် သင်္ကေတတစ်ရပ်အဖြစ် မမှတ်ယူသင့်ပေ။ တစ်ချိန်တည်းမှာပင် ဘာသာတရားနှင့်ညီသော ဘ၀တစ်ခုကို ဆောက်တည်ခြင်းသည် လူသားတစ်ဦးအနေနှင့် အသက်မွေးဝမ်းကျောင်း အလုပ်ကို လျစ်လျူရှုကာ ကြွယ်ဝချမ်းသာမှုနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတို့အား အလေးထားရန်မလိုဟု
ဆိုလိုခြင်းလည်း မဟုတ်ချေ။
ကျွန်ုပ်တို့သည် ဘာသာတရားကို ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုဖြစ်ထွန်းစေမည့် အလားအလာများအား ဟန့်တားဖျက်ဆီးပစ်မည့် လမ်းစဉ် တစ်ရပ်အဖြစ် လိုက်နာကျင့်သုံရန်မဟုတ်ပေ။ ဘာသာတရား ကိုင်းရှိုင်းသူတစ်ဦးသည် သူတစ်ပါး၏ ငြိမ်းချမ်းရေးနှင့်ပျော်ရွှင်မှုကို ထိပါး စေမည့် မည်သည့်နည်းလမ်းကိုမျှမကျင့်သုံးဘဲ ရုပ်ပိုင်းဆိုင်ရာရည်မှန်းချက်များကို ရယူပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းအားထုတ်မှု ပြုသင့်ပေ သည်။
သည်းခံခြင်းတရားသည်လည်း ဗုဒ္ဓဘာသာ၏ ထင်ရှားလှသော ၀ိသေသလက္ခဏာတစ်ခု ဖြစ်သည်။

သည်းခံခြင်းတရားကပင် ကွဲပြားခြား နားသော ဗုဒ္ဓဘာသာဂိုဏ်းကွဲများအကြား နှစ်ပေါင်း (၂၅၀၀)ကျော်တိုင်အောင် သွေးထွက်သံယိုမှုကင်းမဲ့သည့် ငြိမ်းချမ်းခိုင်ခံ့သော ဘာသာရေး အသိုင်းအ၀န်းတစ်ရပ်ကို တည်မြဲအောင်
ထိန်းသိမ်းပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်သည် ကမ္ဘာ့ဘာသာတရားတို့၏ ရာဇ၀င်တွင် စာတင်၍ချီးကျူးအပ်သော အောင်မြင်မှုတစ်ခုလည်း ဖြစ်ပေသည်။ ဗုဒ္ဓ၀ါဒက ဘာသာတရားကို အကြောင်းပြု၍ ဆင်းရဲခြင်းကင်းသော ပုံမှန်ဘ၀တစ်ခုဆီသို့ ကျွန်ုပ်တို့အား
လွတ်လပ်ပေါ့ပါးစွာ ဦးဆောင်လမ်းညွှန်မှု ပေးလျက်ရှိပေသည်။
ဗုဒ္ဓဘာသာဝင်များအနေနှင့် ကျွန်ုပ်တို့သည် လောကီအာရုံများတွင်ဖြစ်စေ၊ သဘာဝလွန်ဖန်ဆင်းရှင် တစ်စုံတစ်ဦး ထံတွင်ဖြစ်စေ ကျေးကျွန်အဖြစ် ခံယူသွားရန် မလိုအပ်ပေ။
သို့သော် လူ့ဂုဏ်သိက္ခာ၊ ဖြူစင်မြင့်မြတ်ခြင်းနှင့် အသိတရားတို့ကို ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့သည် မသိဆိုးရွားခြင်း အလုံးစုံကို အနိုင်ယူမည့် စစ်မှန်သောပညာဥာဏ်ကို ရရှိနိုင်ပေသည်။
ဗုဒ္ဓ၀ါဒက စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘာဝလွန်စွမ်းအင်များ သို့မဟုတ် အံ့ဖွယ်သရဲတန်ခိုးပြမှုများကို
မှီခိုအားထားကြ ရန် အားပေးတိုက်တွန်းမှုမပြုခဲ့ပေ။ အကယ်စင်စစ် အံ့ဖွယ်သရဲ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများကို ယုံကြည်သက်ဝင်ခြင်းသည် မည်သူ့ကိုမျှ မည်သည့်အခါတွင်မဆို စိတ်ထားဖြူစင်သန့်ရှင်းအောင်
ဆောင်ကြဉ်းပေးနိုင်ခြင်းလည်း မရှိပါချေ။
ဗုဒ္ဓ၀ါဒအလိုအရ မြင့်မြတ်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ အသွင်လက္ခဏာပေါ်တွင်မှုမတည်ဘဲ စိတ်ပိုင်းဆိုင်ရာ စင်ကြယ်မှုအပေါ်တွင်သာ အခြေခံပေသည်။ အချို့သော တစ်ယူသန်အစွန်းရောက်များက ဗုဒ္ဓဘာသာဝင်တို့ကို
ကိုးကွယ်အားထားစရာ ဖန်ဆင်းရှင်မရှိသည့် ဘုရား မဲ့ဝါဒီမိစ္ဆာဒိဋ္ဌိများ၊ ရုပ်တုဆင်းတု ကိုးကွယ်သူများအဖြစ်ပြစ်တင် ရှုတ်ချကြသည်။ သို့သော် ဗုဒ္ဓဘာသာဝင်များကမူ အခြားဘာသာဝင် များအား မည်သည့်အခါကမျှ
လက်တုံ့ပြန်ချေပမှုမပြုခဲ့ပေ။
ဗုဒ္ဓဘာသာဝင်တို့က ဗုဒ္ဓဘာသာကို မကိုးကွယ်ခြင်းကြောင့် အခြားဘာသာဝင်တို့သည် ကောင်းကင်ဘုံ၏ သုခချမ်းသာကို ခံစားရလိမ့် မည်မဟုတ်ဟု မည်သည့်အခါကမျှ ပုတ်ခတ်ပြောဆိုခြင်းမပြုခဲ့ပေ။ အကျဉ်းခြုံးဆိုရလျှင် ဗုဒ္ဓဘာသာဝင်များ သည် သူတို့ယုံကြည်ရာ ဘာသာတရားအား ကိုးကွယ်ခံယူကျင့်သုံးနေကြသလို အခြားဘာသာဝင်တို့၏ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကိုလည်း လေးစားမှု ရှိကြပါသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ပဋိပက္ခနှင့်ရန်လိုမုန်းတီးမှုကိုဖန်တီးခြင်း သို့မဟုတ် သူတို့ကိုးကွယ်ရာ ဘာသာတရားကို စွန့်လွှတ်ခြင်းပြုရန် မလိုဘဲ အခြားသောဘာသာဝင်တို့နှင့် အယူဝါဒကွဲပြားမှုအပေါ် ကျေအေးစွာ
လက်ခံနိုင်ကြပါသည်။
ဤဘာသာတရားက အခြားဘာသာဝင်များကို အပြစ်သားများအဖြစ် ရှုတ်ချခြင်းမပြုသည့်အပြင် လူ့အဖွဲ့အစည်း၏ စာရိတ္တအဆင့် အတန်းအား မြှင့်တင်ပေးရန် ကြိုးပမ်းခဲ့ကြသည့် ဘာသာရေးခေါင်းဆောင်ကြီးတို့၏ ဆုံးမသွန်သင်ချက်များကိုလည်း အလေးထား ပါသည်။
စစ်မှန်သောဗုဒ္ဓ၀ါဒသည် ဆုတောင်းနေရုံဖြင့် သဘာဝလွန်စွမ်းအားရှင် တစ်စုံတစ်ရာ၏ကယ်တင်စောင်မမှုကို ရရှိနိုင်သည်ဟု သွန်သင်ခဲ့ သော ဘာသာရေးမဟုတ်ပေ။ အခြားတစ်ဖက်တွင်လည်း ယုံကြည်မှုအယူဝါဒမျိုးစုံကို
မိမိတို့၏ ဘာသာအယူဝါဒထဲသို့ ဆွဲသွင်းကာ လာသမျှလက်ခံကျင့်သုံးတတ်သည့် အမည်ခံဗုဒ္ဓဘာသာဂိုဏ်းကွဲအချို့၏ ဘာသာရေးမျိုးလည်းမဟုတ်ပေ။
ဗုဒ္ဓ၀ါဒအလိုအရ သဘာဝလွန်စွမ်းအားရှင်တစ်ဦးက အပြစ်များအားခွင့်လွှတ်သည်ဟု ယုံကြည်သက်ဝင်ခြင်းသည် တရားမျှတမှုမရှိပေ။ ကျူးလွန်ခဲ့သော မကောင်းမှုတစ်ခု၏ အကျိုးသက်ရောက်မှုကို ကောင်းမှုကုသိုလ်ပြုခြင်းနှင့်
ဖြူစင်ကြံ့ခိုင်သောစိတ်ထား မွေးမြူခြင်းဖြင့် သာ ကျော်လွှားလွန်မြောက်နိုင်ပေသည်။ တစ်စုံတစ်ဦးထံ ဆုတောင်းနေရုံဖြင့်
အပြစ်မှလွတ်ကင်းအောင်မလုပ်နိုင်ပေ။
ဗုဒ္ဓဘာသာသည် လူသားတို့အတွက် မိမိကျူးလွန်သည့်အပြစ်၏ အကျိုးဆက်ကို မိမိတို့ဘာသာခံယူရခြင်းဟူသော သဘောတရား အပေါ် အခြေပြုထားပြီး ထာဝရငရဲကို ကြောက်ရွံ့ခြင်းမပါဘဲ အမှန်တရားကိုနားလည် သဘောပေါက်စွာ
လိုက်နာကျင့်သုံးရသော ဘာသာတရားတစ်ခုသာ ဖြစ်ပေသည်။
ချမ်းသာသုခနှင့် ဒုက္ခဆင်းရဲခြင်းတို့သည် ယာယီမျှသာဖြစ်ကြပြီး လောကတွင် မည်သည့်အရာမျှ ထာဝရမတည်မြဲကြောင်း သွန်သင်ခဲ့ သည့် ဗုဒ္ဓဘာသာအဖို့ သက်ရှိတို့အား ငရဲဘုံ၌ ထာဝရခံစားစေသည်ဆိုသော အတွေးအခေါ်မှာ လက်ခံနိုင်ဖွယ် လုံးဝမရှိပါချေ။ သဘာဝ လွန်တန်ခိုးရှင် တစ်စုံတစ်ရာအား သက်ဝင်ယုံကြည်ခြင်းသည် ဖန်ဆင်းရှင်ရှိသည့် ဘာသာတရားတို့၏ နောက်လိုက်များအတွက် အရေး ကြီးဆုံး သဘောတရားဖြစ်သည်။ သူတို့အတွက်
ထာဝရတည်မြဲနေသော ဖန်ဆင်းရှင်မပါရှိဘဲ 'ဘ၀' ဖြစ်စေ၊ 'ဘာသာတရား' ဖြစ်စေ ပေါ်ပေါက်မလာနိုင်ပေ။
ဗုဒ္ဓဘာသာကမူ အလားတူယုံကြည်ကိုးကွယ်မှုမျိုးအား အသိအမှတ်မပြုပေ။
ဗုဒ္ဓဘာသာကျမ်းဂန်များတွင်ပါရှိသည့် နတ်ဒေ၀တာကဲ့ သို့သော တန်ခိုးရှင်အယူအဆမှာ အခြားသောဘာသာတရားတို့နှင့် လုံးလုံးလျားလျားကွဲပြားခြားနားပေသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ဘာသာတရား အဆုံးအမနှင့် ညီညွတ်သောဘ၀ကို ဆောက်တည်ခြင်းနှင့် စိတ်ထားဖြူစင်သန့်ရှင်းအောင် လုပ်ဆောင်ခြင်းတို့မှ တစ်ဆင့်သာလျှင် မိမိတို့၏လွတ်မြောက်မှုကို ရှာဖွေကြရသည်။
နတ်ဒေ၀တာကဲ့သို့သော တန်ခိုးရှင်များတည်ရှိမှုကို ဗုဒ္ဓဘာသာဝင်တို့က လက်ခံပါသည်။ နတ်ဒေ၀တာတို့က ရုပ်ဝတ္ထုပစ္စည်းများဖြင့် လူသားတို့ကို ယာယီအားဖြင့် အကူအညီပေးနိုင်သော်လည်း လူသားတို့၏စိတ်ထားဖြူစင်မှုနှင့်
အဆုံးစွန်သော လွတ်မြောက်မှုကို ရရှိ စေနိုင်သည့် တန်ခိုးဣဒ္ဓိပါဒ် ရှိသူများအဖြစ်ကား မည်သည့်အခါကမျှ ယုံကြည်လက်ခံခြင်း မပြုကြပေ။
ယင်းတို့ကို ရရှိစေရန်မှာ 'မိမိကိုယ်ကိုမိမိသာ ကိုးကွယ်ရာ' ဟူသည့် မြတ်ဗုဒ္ဓ၏ အဆိုအမိန့်နှင့်အညီ ကိုယ်တိုင်ကျင့်ကြံအားထုတ်ကြ ရမည်သာဖြစ်သည်ဆိုခြင်းကို စစ်မှန်သော ဗုဒ္ဓဘာသာဝင်တိုင်းက အလေးအနက်
ယုံကြည်လက်ခံထားကြပါကြောင်း တင်ပြလိုက်ရ ပါသည်။
Ref: Concept of God and Sin by K. Sri Dhammananda.
ဝင်းသိန်းဦး
(မြတ်သတိဝါဒီ၊ အမှတ်-၂၊၂၀၀၀ ပြည့်နှစ်၊ သြဂုတ်လ)

Read More(အပြည့်အစုံဖတ်လိုလျင်).......

Friday, December 23, 2011

ရှိခိုးပူဇော်ခြင်းနှင့် ဗုဒ္ဓဘာသာ


အရာရာတိုင်းတွင် အသွင်သဏ္ဌာန်နှင့် အနှစ်သာရဟူ၍ ရှိပေသည်။ အသွင်သဏ္ဌာန်သည် အနှစ်သာရကို ပုံဖော်ဆောင်ကြဉ်းပေးရသလို၊ အနှစ်သာရသည် အသွင်သဏ္ဌာန်တည်ရှိမှုအား အဓိပ္ပာယ်ပြည့်ဝစေပေသည်။ ထို့ကြောင့် တစ်စုံတစ်ရာကို အကဲခတ်တန်ဖိုးဖြတ်မည်ဆို ပါလျှင် အသွင်သဏ္ဌာန်ရော အနှစ်သာရကိုပါ ခြုံငုံမိရန်အရေးကြီးလှပေသည်။ လူသားတို့၏ ဘ၀တစ်ခုလုံးနှင့် သက်ဆိုင်သော ယုံကြည် ကိုးကွယ်မှုတို့အား လေ့လာဆန်းစစ်မှုပြုရာတွင်လည်း အသွင်သဏ္ဌာန်မျှကိုသာ ကြည့်ပြီး အနှစ်သာရ၏တန်ဖိုးကို အကဲဖြတ်၍မရနိုင် သည်ကို သုတေသီတိုင်း အလေးဂရုပြုအပ်ပေသည်။

ဗုဒ္ဓဘာသာသည် ကမ္ဘာ့လူသားထုတစ်ရပ်လုံးကိုးကွယ်အားထားရာ ဘာသာကြီးလေးခုအနက်မှ တစ်ခုအပါအ၀င်ဖြစ်သည့်အလျောက် သုတေသီတို့က ဘက်စုံထောင့်စုံမှ လေ့လာစူးစမ်းမှုများပြုလုပ်ခဲ့ကြရာ အချို့မှာအပေါ်ယံ အသွင်သဏ္ဌာန်မျှကိုသာကြည့်ပြီး ဗုဒ္ဓဘာသာ ၏တန်ဖိုးကို အကဲဖြတ်ကြ၊ စာအုပ်စာတမ်းများ ရေးသားပြုစုကြသည်များလည်း ရှိနေပေသည်။

ထိုသို့အကဲဖြတ်သူများထဲတွင် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို သိနားလည်ခြင်းမရှိသူအချို့က ဗုဒ္ဓဘာသာဝင်တို့၏ ဗုဒ္ဓဆင်းတုတော် ရှိခိုး ပူဇော်သည့်အလေ့အထကို ရုပ်တုဆင်းတုကိုးကွယ်မှုအဖြစ် အစဉ်တစိုက်ဝေဖန်ရှုံ့ချခဲ့ကြသည်။ ယင်းအလေ့အထသည် သူတို့အမြင်တွင် အဓိပ္ပာယ်မဲ့ကောင်း မဲ့နေပေလိမ့်မည်။
သို့ရာတွင် ဘာသာတရားအဆုံးအမနှင့် အညီမြင့်မြတ်သောဘ၀တစ်ခုအား မည်သို့တည်ဆောက်ရမည်ကို သင်ကြားပြသပေးခဲ့သည့် ဆရာသခင်ကျေးဇူးရှင် တစ်ဦးအား အရိုအသေပေး ဂါရ၀ပြုခြင်း၏ ထူးခြားချက်ကိုကား သိနားလည်ခြင်း မရှိကြချေ။
ဗုဒ္ဓဆင်းတုတော်တို့အား ရှိခိုးပူဇော်သည့် အလေ့အထသည် ဗုဒ္ဓ၏သစ္စာဥာဏ်၊ ပါရမီ၊ အသိပညာ၊ဂုဏ်ကျေးဇူးများနှင့် လူသားတို့ ကောင်းကျိုးအတွက် မြင့်မြတ်သောစွန့်လွှတ်မှုတို့အား အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းပြသသည့် နည်းလမ်းတစ်ရပ်သာ ဖြစ် သည်။အဆိုပါအကြောင်းတရားတို့အား သိနားလည်မှုမရှိသည့်အတွက် ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ပူဇော်ခြင်းအပေါ် ဝေဖန်ပြောဆို ရေးသားကြခြင်း ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနှင့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအား ပူဇော်ဂါရ၀ပြုခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရမည့်ကိစ္စပေလောဟု ပြန် လည်သုံးသပ်ကြည့်သင့်ပေသည်။ ဆင်းတု၊ ရုပ်ပွားတော်တို့သည် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူရေးအတွက် မရှိမဖြစ်လိုအပ်ချက် မဟုတ် သော်လည်း ဗုဒ္ဓရုပ်ပွားတော်အား ပူဇော်ဂါရ၀ပြုခြင်းသည် အဓိပ္ပာယ်ရှိပြီး အကျိုးယုတ်စရာမရှိသည့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အလေ့ အထတစ်ရပ်သာဖြစ်ပေသည်။မြင့်မြတ်စင်ကြယ်သော ဘာသာတရားတစ်ခုအား ဝေဖန်ရှုတ်ချရန်အလို့ငှာ အဘယ့်ကြောင့်ဤကိစ္စကို ရှေ့တန်းတင်အသုံးချနေကြသည်ဆိုခြင်းကို ဗုဒ္ဓဘာသာဝင်များအဖို့ နားလည်ရန် ခက်ခဲလှပေသည်။

ဗုဒ္ဓဘာသာဝင်တို့က ရုပ်ပွားတော်တစ်ဆူဖြင့် ကိုယ်စားပြုထားသည့် သူတို့၏ဆရာသခင်အား ပူဇော်ဂါရ၀ပြုခြင်းသည် လူ့ဘောင်အဖွဲ့ အစည်း၏ ကိုယ်ကျင့်တရားဆိုင်ရာ မူဝါဒတစ်စုံတစ်ရာနှင့် တစ်ပါးသူတို့၏လွတ်လပ်ငြိမ်းချမ်း ပျော်ရွှင်မှုအား ထိပါးချိုးဖောက်ရာ ရောက် နေပါသလော။
အကယ်စင်စစ် ဗုဒ္ဓမြတ်စွာသည် ပကာသနလွှမ်းသော ဘာသာရေးအခမ်းအနားများကျင်းပရန် မည်သည့်အခါကမျှအဆိုမပြုခဲ့ဘဲ ဓမ္မကို ဖြန့်ဖြူးရန်နှင့် မှန်ကန်မြင့်မြတ်သောဘ၀တစ်ခုအား ဆောက်တည်ရေး လမ်းစဉ်တို့ကိုညွှန်ပြရန်သာ အာရုံစိုက်ခဲ့ပေသည်။ ဗုဒ္ဓမြတ်စွာ သက်တောင်ထင်ရှား ရှိစဉ်အခါက သူ၏နောက်လိုက်များအား သူ့ကိုယ်စားရုပ်ပွားဆင်းတုများ ထုလုပ်ကိုးကွယ်ကြရန်လည်း မည်သည့် အခါကမျှ တိုက်တွန်းမှုမပြုခဲ့ပေ။
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီးနောက် အနည်းဆုံးရာစုသုံးစုခန့်ကြာမှ သူ၏နောက်လိုက်တို့က အရိုအသေပြုစရာ အထိမ်းအမှတ်အဖြစ် သူ့ကိုယ်စား ရုပ်ပွားတော်များ ထုလုပ်ခဲ့ကြခြင်း ဖြစ်ပေသည်။ ရုပ်ပွားတော်များက ဗုဒ္ဓ၏ ပြီးပြည့်စုံသော ဖြူစင်မှု၊ ကရုဏာတရား၊ ပညာဥာဏ်နှင့် လူယဉ်ကျေးတို့ အလေးထားပူဇော်ခြင်းကို ခံယူထိုက်သော မြင့်မြတ်သည့် အရည်အသွေးများအား ကိုယ်စားပြု လျက်ရှိသည်။ မည်သို့ပင်ဆိုစေ ဗုဒ္ဓရုပ်ပွားတော်တို့သည် ကမ္ဘာ့အနုပညာရှင်တို့ စွမ်းဆောင်ခဲ့သည့် အလှပဆုံး၊ အကောင်းမွန်ဆုံး လက်ရာတို့အနက် တစ်ခုလည်းဖြစ်ပေသည်။

ဗုဒ္ဓဘာသာဝင်မဟုတ်စေကာမူ ဘာသာရေးအစွဲအလမ်းမကြီးသူတချို့မှာမူ ဗုဒ္ဓရုပ်ပွားတော်တို့က ကြည်ညိုသူ၏ စိတ်ဘ၀င်တွင် နက်ရှိုင်းသောတည်ငြိမ်အေးချမ်းမှုကို ဖန်တီးပေးနိုင်စွမ်းရှိကြောင်း သိရှိကြသည်။ သို့ဖြစ်ရာ သူတို့၏နေအိမ်၊ ရုံးခန်းစသည်တို့တွင် ဗုဒ္ဓရုပ်ပွားတော်များကို အမြတ်တနိုးထားရှိလေ့ရှိကြသည်။ ထိုသို့လူ့စိတ်အာရုံကို ငြိမ်းချမ်းမှုပေးစွမ်းနိုင်သည့် ရုပ်ပွားတော်များအား မိမိတို့အနီးဝန်းကျင်တွင် ထားရှိဖူးမြော် အာရုံပြုခြင်းသည် ကျန်းမာရေးအတွက်လည်း တန်ဖိုးရှိသောလုပ်ရပ်တစ်ခု ဖြစ်ပေသည်။

အခြားတစ်ဖက်တွင်ကား အမည်ခံ ဗုဒ္ဓဘာသာဝင်အချို့သည် ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ကိုးကွယ်မှုအား ဗုဒ္ဓ၀ါဒ၏အရေးကြီးဆုံးအနှစ်သာရ အဖြစ် သဘောထားကာ သူတို့၏ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ဤကြည်ညိုကိုင်းရှိုင်းမှုဆိုင်ရာ အသွင်သဏ္ဌာန်၌သာ အဓိက ဗဟိုပြု အားထားနေကြသည်ကိုလည်း တွေ့ရပေသည်။ထိုသူတို့ကိုမူ ရုပ်တုဆင်းတု ကိုးကွယ်သူများမဟုတ်ပါဟု ငြင်းဆိုပြောကြားရန် ခက်လှပေသည်။
ထိုသူတို့သည် ဒဏ္ဍာရီဆန်သော ယုံကြည်မှုများကို အသိတရားကင်းမဲ့စွာ တီထွင်ခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်အသွင်အပြင်၊ လက်ဟန်ခြေဟန်၊ မျက်လုံးနှင့် ဦးခေါင်းတော်တို့ကို ပုံစံမျိုးစုံဖြင့်ထုလုပ်ကြသည်။

မဟာလူသားတည်းဟူသော မြတ်ဗုဒ္ဓဘုရားရှင်ကို ကောင်းကင်ဆန်စေခဲ့သည်။ တန်ခိုးရှင်၊ ဖန်ဆင်းရှင်နတ်ဘုရားအသွင်သို့ ပြောင်းစေခဲ့ကြသည်။ ယင်းရုပ်ပွားတော်များထံ ဆုတောင်း ပတ္တနာပြုခြင်းဖြင့် သူတို့၏လောကီရေးရာလိုအပ်ချက်များ ပြည့်ဝလာလိမ့်မည်ဟု စိတ်ကူးယဉ်နေကြသည်။ ထိုရုပ်ပွားတော်များသည် ယင်းတို့ကို တီထွင်ထုလုပ်ကိုးကွယ်သူတို့၏ အသိဥာဏ်ခေါင်းပါးမှုနှင့် ကစဥ့်ကလျားဖြစ်နေသည့် စိတ်နေသဘောထားတို့၏ ရောင်ပြန် ဟပ်မှုမျှသာ ဖြစ်ပေသည်။

ယခုအချိန်အခါသည် ဓမ္မအစစ်အမှန်ကို အလေးအနက်ထားအားရုံပြုလျက် အဆိုပါရုပ်ပွားတော်များအပေါ် အစွဲအလမ်းကြီးမှုကို လျှော့ချ ရမည့်ကာလ ဖြစ်ပေသည်။ ကိုးကွယ်ယုံကြည်သူတို့ စုဝေး၀တ်ပြုရာ ဗဟိုချက်မအဖြစ် ဗုဒ္ဓရုပ်ပွားတော်များအား ထိန်းသိမ်းသွားရပေမည်။ ယင်းသို့ပြုမူနိုင်မည်ဆိုလျှင် ဗုဒ္ဓ၀ါဒ၏ကောင်းမြတ်သော ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ပေလိမ့်မည်။ကျွန်ုပ်တို့သည် မိမိ တို့၏ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းရင်း ဗုဒ္ဓ၀ါဒအား ခံယူကျင့်သုံးသွားနိုင်ပါသည်။ သို့သော် မိမိတို့၏မိရိုးဖလာ ဓလေ့ထုံး တမ်းများကို ဗုဒ္ဓ၀ါဒအတွင်းသွပ်သွင်းခြင်းဖြင့် အရိုးကိုအရွက်ဖုံးစေရန်ကား မပြုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် မိရိုးဖလာ ဗုဒ္ဓဘာသာ ၀င်များက သူတို့၏လူမျိုးဓလေ့ထုံးတမ်းနှင့် သက်ဆိုင်သော ပွဲလမ်းသဘင် အခမ်းအနားများအား သားစဉ်မြေးဆက်ခံယူကျင်းပ ကြသည် ကို ဘာသာခြားတို့က ဗုဒ္ဓ၀ါဒ၏ လမ်းညွှန်မှုအရ ပြုလုပ်နေသည်ဟု လွဲမှားစွာမှတ်ယူတတ်ကြသောကြောင့်ဖြစ်သည်။

ဘာသာရေးအယူသီးသည့် အစွန်းရောက်ဘာသာခြားအဖွဲ့အစည်း အချို့ကလည်း ဗုဒ္ဓဘာသာဝင်ပညာမဲ့တို့အား သူတို့၏ဂိုဏ်းဂဏ အတွင်းသို့ ကူးပြောင်းဝင်ရောက်လာစေရန် ရည်ရွယ်ကာ ပရိယာယ်ဆင်လျက် ဗုဒ္ဓ၀ါဒအား သရော်လှောင်ပြောင်၊ ဝေဖန်ရှုတ်ချမှုပြု ရာတွင် ယင်းအခြေအနေအား အသုံးချအမြတ်ထုတ်လေ့ရှိကြသည်ကို ကျွန်ုပ်တို့သတိပြုအပ်ပေသည်။

သို့ဖြစ်ရာ အဆိုပါအခမ်းအနား ပွဲလမ်းသဘင်များကို ရိုးရာဓလေ့ထုံးစံ၏ တစ်စိတ်တစ်ဒေသအဖြစ်ကျင်းပလိုသူများအနေဖြင့် ဗုဒ္ဓ၀ါဒနှင့် ထွေးရောယှက်တင်မဖြစ်စေရန် ယင်းတို့ကို ဗုဒ္ဓဘာသာဘုရားကျောင်းကန်တို့၏ ပြင်ပတွင်သာ ကျင်းပသင့်သည်။ ဗုဒ္ဓ၀ါဒကို လူထု အကြားအထင်အမြင်လွဲမှားမှုနှင့် ထိပါးဖျက်ဆီးမှုကို ဖန်တီးနိုင်ရန်အခွင့်သာစေမည့် အဆိုပါအလေ့အထများအား ခွင့်မပြုမိရန် သတိ ကြီးစွာထားကြရမည်။

ဒေသတစ်ခု လူမျိုးတစ်မျိုးတွင် ရှေးကာလကပင် အမြစ်တွယ်တည်ရှိခဲ့သော မိရိုးဖလာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတစ်ရပ်ကြောင့် ကိုးကွယ်ရာဘာသာတရားအပေါ် အထင်အမြင်လွဲမှားစေခြင်းသည် မိမိတို့ယုံကြည်ကိုးစားရာဘာသာတရား အဓွန့်ရှည်စွာ တည်တံ့ ပြန့်ပွားရေးအတွက် ကြီးမားသောအန္တရာယ်တစ်ခု ဖြစ်သည်ဆိုခြင်းကို ကျွန်ုပ်တို့အလေးဂရုပြုသင့်ကြောင်း တင်ပြလိုက်ရ ပါတော့ သည်။

Ref: The Buddhist Concept of Worship by K. Sri Dhammananda

ဝင်းသိန်းဦး
(မြတ်သတိဝါဒီ၊ အမှတ်စဉ်-၁၊ ၂၀၀၀-ပြည့်နှစ်၊ဇူလိုင်လ။)

Read More(အပြည့်အစုံဖတ်လိုလျင်).......

Wednesday, May 25, 2011

ကောင်းကင်ဘုံနဲ့ နောင်ဘ၀ဆိုတာ မရှိဟု စတင်ဖင် ဟော့ကင်း ပြော

ဗြိတိသျှ ရူပဗေဒ ပညာရှင် စတီဖင် ဟော့ကင်း က ‘ကောင်းကင်ဘုံ ဟူသော အယူအဆနဲ့သေပြီး နောက်ဘ၀ ဆိုတာတွေဟာ ဒဏ္ဍာရီ ပုံပြင်တွေလိုပါပဲ’ ဟု မကြာခင်ကထပ်မံပြောခဲ့တဲ့အတွက် ဘာသာရေး ခရေဇီများအကြား ပွက်လောညံကုန်သည်။
“ဦးနှောက်ဟာ ကွန်ပျူတာလိုပဲ ကျနော် ယူဆတယ်။ ပါဝင်တဲ့ အစိတ်ပိုင်းတွေပျက်စီးသွားရင် ရပ်သွားတာပါပဲ။ ပျက်စီးကျိုးပဲ့သွားတဲ့ ကွန်ပျုတာတွေအတွက်ကောင်းကင်ဘုံတို့ နောင်ဘ၀တို့ မရှိနိုင်ဘူး။ လူတွေအတွက်လည်း ဒီလိုပါပဲ။အသိဥာဏ် အမှောင်ထဲက ကြောက်ရွံ့မှုတွေ အတွက် ကောင်းကင်ဘုံနဲ့ နောင်ဘ၀ကိုနတ်သမီးပုံပြင်လို ဖန်တီးထားကြတာ” ဂါဒီယန် သတင်းစာကြီးကို ပြောခဲ့သည်။

ဗြိတိသျှ ရူပဗေဒပညာရှင် ဟော့ကင်းမှာ အသက် ၂၁ အရွယ်တွင် amyotrophiclateral sclerosis ရောဂါ ရရှိပြီး၊ ခန္ဓာကိုယ် မလှုပ်ရှားနိုင် စကားမပြောနိုင် ဖြစ်ခဲ့သည်။ A.L.S ရောဂါ ရရှိသူ အများစုမှာ ငါးနှစ်အတွင်းသေဆုံးကြသည်။ ယခု ဟော့ကင်းက ၄င်းရောဂါ ဝေဒနာသည်များ အထဲတွင်ထူးထူးဆန်းဆန်း အသက်အရှည်ဆုံးလူ ဖြစ်နေသည်။ သူ့ရောဂါနှင့် ပတ်သက်ပြီး ဂါဒီယန်ကို ပြောရာတွင် “လွန်ခဲ့တဲ့ ၄၉ နှစ်ကတည်းက မကြာခင် သေတော့မယ်ဆိုတဲ့ အမြင်နဲ့ ကျနော် အသက်ရှင်နေခဲ့ပါတယ် ။သေခြင်းကို ကျနော်မကြောက်ဘူး။ ဒါပေမဲ့ အခုမြန်မြန်သေမယ်လို့လည်းမထင်သေးဘူး။ ကျနော့်မှာ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်” ဟု အသက် ၆၉နှစ်ရှိ ဟော့ကင်းက ပြောသည်။
၁၉၆၀ ပြည့်လွန်နှစ်များတွင် ဟော့ကင်းက စကြာဝဠာရှိ တွင်းမည်းကြီးများရဲ့ဂုဏ်သတ္တိအကြောင်း သင်္ချာဖြင့် ခွဲခြမ်းစိတ်ဖြာ ရှင်းလင်းခဲ့သည်။ ၁၉၇၃ခုနှစ်တွင် အိုင်းစတိုင်းရဲ့ general theory of relativity နဲ့အိုင်းစတိုင်း လက်မခံခဲ့လို့ အငြင်းပွားနေ ရတဲ့ quantum mechanics နိယာမတွေကို ဆက်စပ်ဖြေရှင်းပေးခဲ့သည်။

၁၉၈၈ တွင် စကြာဝဠာရဲ့ နယ်နမိတ်တွေကို ရှင်းပြတဲ့ သူ့ရဲ့ ‘အချိန်ရဲ့သမိုင်းအကျဉ်း’ စာအုပ်မှာ အုတ်ရေ ၁၀ သန်းကျော် ရောင်းရပြီးနှစ်နှစ်ဆက်တိုက် ဘတ်ဆဲလာ ဖြစ်ခဲ့သည်။ မနှစ်က ထုတ်ခဲ့တဲ့ ‘The Grand Design’ စာအုပ်တွင်လည်း ဂေါ့ဒ်က စကြာဝဠာကို မဖန်ဆင်းခဲ့ကြောင်းတင်ပြထားပြီး၊ ရူပဗေဒဖြင့် ဖန်ဆင်းရှင်ကို ဖယ်ရှားပစ်ခဲ့သည်။
သူ့စာအုပ်သစ် အဖွင့်တွင် “စကြာဝဠာဟာ ဘာမှမရှိတာတွေကနေ သူ့ဘာသာဖန်ဆင်းလာတာပဲ။ ဘာမှ မရှိတာကနေ တစုံတရာ ဘာကြောင့် ဖြစ်လာတာလဲ၊ စကြာဝဠာဘာကြောင့် တည်ရှိတာလဲ၊ ကျနော်တို့ ဘာကြောင့် ရှိတာလဲ ဆိုတာတွေကို
အလိုအလျောက် ကောက်ခါငင်ကာ ဖြစ်ပေါ်လာမှု (spontaneous creation) ကသာအကြောင်းခံပဲ” ဟု ရေးသားခဲ့သည်။

သူ့ရဲ့ ဖန်ဆင်းရှင် ငြင်းဆန်မှုအပေါ် ဂေါ့ဒ် ခရေဇီများက မကျေမနပ်ဖြစ်ခဲ့ကြသည်။ ယခု မြန်မာ မိရိုးဖလာ ဗုဒ္ဓဝါဒီများကလည်း နောင်ဘ၀ မရှိဘူးပြောတဲ့အတွက် ဟော့ကင်းကို ဥစ္ဆေဒ ဒိဋ္ဌိကြီးဟု သတ်မှတ်လာကြသည်။

ဇာတ်လိုက်ကျော် စီနီယာအလ္လာဟ်ကြီးကမူ ဟော့ကင်း၏ အယူအဆသည် ဗုဒ္ဓ၏ဟောပြောချက်များနှင့် နီးစပ်မှုရှိနေကြောင်း ဗုဒ္ဓသည် နောင်ဘဝရှိသည်ဟု မဟောခဲ့ကြောင်း ၊ ဟော့ကင်းပြောသည့် spontaneous creation သည် အကျိုးအကြောင်း ဆက်လက်ဖြစ်ပေါ်မှုဖြစ်စဉ်ပင်ဖြစ်ကြောင်း ၊ ၄င်းသဘောကို အသုံးချသင်္ချာဘာသာ(Applied Mathematics) ဖြစ်သည့် ခေးအော့စ်သီအိုရီ (Chaos Theory) က လက်ခံထားပြီးဖြစ်သလို ၊ ၄င်းသီအိုရီတင်ပြနိုင်ခြင်းအပေါ် နိုဗယ်လ်ဆုပင် ချီးမြှင့်ထားပြီးဖြစ်ကြောင်း မှတ်ချက်ပေးသည် ။

Reference:
- http://www.dailygalaxy.com/my_weblog/2010/09/the-universe-exists-because-of-spontaneous-creation-stephen-hawking.html
- http://atheism-analyzed.blogspot.com/2010/09/stephen-hawking-and-spontaneous.html
- http://blog.seattlepi.com/thebigblog/2011/05/16/why-stephen-hawking-thinks-heaven-is-a-fairy-story/
- http://en.wikipedia.org/wiki/Stephen_Hawking
- http://en.wikipedia.org/wiki/Chaos_theory
- http://www.imho.com/grae/chaos/chaos.html
- http://www.cbsnews.com/stories/2009/10/05/tech/main5365418.shtml

Read More(အပြည့်အစုံဖတ်လိုလျင်).......

Wednesday, February 3, 2010

မိစ္ဆာဝါဒီတို့ အကြောက်ဆုံးတရား

မိစ္ဆာဝါဒီတို့ အကြောက်ဆုံးတရား၊ အကြောက်ဆုံးဒေသနာ (၀ါ) အကြောက်ဆုံး ပိဋကတ်မှာ အဘိဓမ္မာပိဋကတ် ဖြစ်၏။

သူတို့ဝါဒ သူတို့ ပြောဆိုရေးသားသမျှကို အဘိဓမ္မာနှင့် ညှိလိုက်သည့်အခါတိုင်း သူတို့၏ အမှားသည် ကွက်ကွက်ကွင်းကွင်း မငြင်းနိုင်အောင် ဖြစ်လေ့ရှိ၏။ ထို့ကြောင့် အဘိဓမ္မာပိဋကတ်သည် မိစ္ဆာဝါဒီတို့အဖို့ အမုန်းဆုံး အကြောက်ဆုံး တရား ဖြစ်၏။

ဤတွင် ထိုမိစ္ဆာဝါဒီတို့ အကြောက်ဆုံး အမုန်းဆုံးဖြစ်သော အဘိဓမ္မာပိဋကတ်ကို ဘုရားဟောဟု လက်ခံကာ သင်ယူခြင်းကြောင့် ရရှိအပ်သော အကျိုးတရားများနှင့် အဘိဓမ္မာ ပိဋကတ်ကို ဘုရားမဟောဟု ပစ်ပယ်ခြင်းကြောင့် ရရှိနိုင်သော အပြစ်တို့ကို ပြဆိုပါမည်။

အဘိဓမ္မာတတ်သူ အဘိဓမ္မာဆောင်သူကို (တရားဟောဟော မဟောဟော) ဓမ္မကထိက-အစစ်ဟု ခေါ်ပါသည်။ အဘိဓမ္မာ မတတ်သူများကိုကား တရားပင်ဟောနေစေကာမူ ဓမ္မကထိက အစစ်ဟု မခေါ်ပါ။ (အာဘိဓမ္မိကဘိက္ခူယေ၀ ကိရ ဓမ္မကထိကာ နာမ၊ အ၀သေသာ ဓမ္မကထံ ကထေန္တာပိ န ဓမ္မကထိကာ။ အဘိ၊ဋ္ဌ၊၁၊၃၀) အကြောင်းကား အဘိဓမ္မာ မတတ်သူများသည် တရားဟောရာ (စာရေးရာ) တွင် (၁) ကမ္မန္တရ အာလောဠန - ကံတစ်ခုကို အခြားကံတစ်ခုဖြင့် ရောမွှေ၍ (၂) ၀ိပါကန္တရ အာလောဠန - ၀ိပါက်တစ်ပါးကို အခြားဝိပါက်တစ်ပါးဖြင့် ရောမွှေ၍ (၃) ရူပါရူပ ပရိစ္ဆေဒ အာလောဠန - ရုပ်နာမ် အပိုင်းအခြားကို ရောမွှေ၍ ၊ (၄) ဓမ္မန္တရ အာလောဠန - ရုပ်တရားကို နာမ်တရားဖြင့် နာမ်တရားကို ရုပ်တရားဖြင့် ရေမွှေ၍လည်း ဟောပြောရေးသားတတ်၏။


အနည်းငယ် အကျယ်ချဲ့၍ ရှင်းပါဦးမည်။ (၁) အဘိဓမ္မာ မတတ်သူများသည် ကာမ၀စရကံကိုလည်း ရူပါဝစရကံ စသည်ဖြင့်လည်းကောင်း၊ ကာမာဝစရကံ အချင်းချင်းတွင်လည်း မည်းညစ်သော အကျိုးရှိသော အကုသိုလ်ကံကို ဖြူစင်သော အကျိုးရှိသော ကုသိုလ်ကံဟုလည်းကောင်း ရောထွေးပြောဆို တတ်ကြ၏။ ဥပမာ - တရားအားထုတ်၍ ကာမာဝစရ ၀ိပဿနာ ဉာဏ် အတော်အတန် ထက်သန်လာသောအခါ လောကုတ္တရာ မဂ်ဉာဏ်ဟု သူတစ်ပါးအား ပြောဆိုခြင်းမျိုး၊ ၀ိပဿနုပက္ကိလေသ- ဟု ခေါ်သော နိကန္တိတဏှာ (အကုသိုလ်) ကိုလည်း မဂ်ကုသိုလ်ကံ ထင်မှားကာ သူတစ်ပါးအား မဂ်ဖိုလ် ရကြောင်း ပြောဆိုခြင်းမျိုး၊ မိမိချစ်သူ (မိဘ၊သားသမီး)၏ သေခါနီး၌ ဝေဒနာအပြင်းအထန် ခံစားရသဖြင့် ပင်ပန်းနေသည်ကို သနားလှသဖြင့် မြန်မြန်သေအောင်ပြုမှု [mercy killing-] (အကုသိုလ်)ကို ကုသိုလ်ထူးဟု ထင်မှား ပြောဆိုခြင်းများသည် ကံတစ်ခုကို အခြားကံတစ်ခုဖြင့် ရောသမမွှေခြင်း- ကမ္မန္တရ အာလောဠန- မည်၏။

(၂) တရားအားထုတ်သောအခါ ၀ိပဿနာဉာဏ်၏ ထက်သန်မှုကြောင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ နှင့် သုခ ပီတိ- တို့ဖြစ်၍ လောကကြီးကို မေ့သကဲ့သို့ ပျော်မွေ့မှုဖြစ်ခြင်းကို ဖလသမာပတ်ဟု ထင်မှတ်ပြောဆိုခြင်း၊ တိရစ္ဆာန် ပြိတ္တာတို့ ငတ်ပြတ်နေချိန် ဆာလောင်မွတ်သိပ်ချိန်တွင် မစင်-ခွေးသေကောင်ပုပ် စသည်ကို ရရာ၌ အကုသိုလ်ကံ၏ အကျိုး အာနိသင်ဖြစ်ပါလျက် ကုသိုလ်ကံ၏ အကျိုးဟု ထင်မှတ်ပြောဆို ကြခြင်း၊ အကုသိုလ်ဖြင့် အသက်မွေးသူ၏ ကောင်းကျိုးရနေခြင်း ကြီးပွားချမ်းသာနေခြင်းသည် ရှေးကုသိုလ်ကံ၏ အကျိုး ဖြစ်ပါလျက် အကုသိုလ်ကံ၏ အကျိုးဟု ထင်မှား၍ ပြောဆို ချီးမွမ်းခြင်း၊ ကောင်းသောအမှုဖြင့် အသက်မွေးနေပါလျက် ဆင်းရဲဒုက္ခရောက်နေသူကို ကုသိုလ်ကံက မကောင်းကျိုး ပေးသည်ဟု ထင်မှားပြောဆိုခြင်း၊ ဗြဟ္မာ့ပြည်၌ လှပသော ရူပါရုံကို မြင်ရ၊ ကောင်းသော သဒ္ဒါရုံကို ကြားရသောအခါ ကာမာဝစရကံ၏ အကျိုးဖြစ်ပါလျက် ရူပကံ၏ အကျိုးဟု ထင်မှတ် ပြောဆိုကြခြင်းမျိုးသည် အကျိုးတစ်ပါးကို အကျိုး တစ်ပါးဖြင့် ရောသမမွှေခြင်း- ၀ိပါကန္တရ အာလောဠန- မည်၏။

(၃) ရုပ်တရား နာမ်တရားသည် အဘိဓမ္မာကျွမ်းကျင်သူများ အတွက် ကွဲပြားခြားနားပြီး ဖြစ်၏။ အဘိဓမ္မာမကျွမ်းသူတို့ အိပ်ပျော်နေချိန် ဘ၀င်စိတ်အစဉ် ဖြစ်နေခြင်းကို နာမ်တရားမဟုတ် ရုပ်တရားဟု ထင်မှားပြောဆိုတတ်ကြခြင်း၊ အိပ်ချင်၍ မိဒ္ဓ-ဖြစ်ခြင်းကို ရုပ်တရားဟု ထင်မှားပြောဆိုတတ်ကြ ခြင်း၊ ဝေဒနာကို ရုပ်တရားဟု ထင်မှားပြောဆိုတတ်ကြခြင်းမျိုး သည် ရူပါရူပ ပရိစ္ဆေဒ အာလောဠန- မည်၏။

(၄) နာမ်တရားအချင်းချင်း ရောသမမွှေမှု၊ ဥပမာ- သူတစ်ပါး ပျက်စီးရာပျက်စီးကြောင်း အသေးစိတ်ကြံစည်မှု ၊ ဖျက်အားပြင်း လက်နက်ဆန်းများ တီထွင်ရန်ကြံစည်မှု-စသော အကုသလ ၀ိတက်ကို ဉာဏ်ဟုလည်းကောင်း၊ မကြည်ညိုသင့်သူကို ကြည်ညိုမိခြင်း မိစ္ဆာဓိမောက္ခ- သို့မဟုတ် မောဟ-ကို သဒ္ဓါ-ဟု လည်းကောင်း၊ သားချစ်မယားချစ် ချစ်ခြင်းဟူသော တဏှာ (လောဘ)ကို မေတ္တာ-ဟုလည်းကောင်း၊ ချစ်သူဒုက္ခရောက်၍ ၀မ်းနည်းခြင်း သောက-ကို ကရုဏာ-ဟုလည်းကောင်း၊ မိမိချစ်သူ အောင်မြင်ကြီးပွား၍ ၀မ်းမြောက်မှု သောမနဿနှင့် ယှဉ်သော လောဘ-ကို မုဒိတာ- ဟုလည်းကောင်း၊ မိစ္ဆာဝါဒီများက သာသနာတော်ကို ဆန့်ကျင်ဘက်ပြုကာ စော်ကားနေသည်ကို တွေ့မြင်နေပါလျက် အမှားအမှန်မသိမှု မောဟ၊ သို့မဟုတ် တာဝန်မယူလို ရှောင်ရှားလိုခြင်းဟူသော ပျင်းရိမှု ကောသဇ္ဇ-ဖြစ်သည်ကို ဥပေက္ခာ-ဟုလည်းကောင်း ထင်မှားပြောဆိုခြင်းများသည် ဓမ္မန္တရ အာလောဠန-မည်၏။

အဘိဓမ္မာတတ်သူတို့ကား ထိုသို့ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ရောထွေးခြင်းမျိုး မဖြစ်၊ မရှိ။ ကံသဘော၊ အကျိုးသဘော တို့ကိုလည်း ခွဲခွဲခြားခြားသိ၏။ ရုပ်နာမ်ဓမ္မတို့၏ သဘာဝအမှန်ကို လည်း တိတိကျကျသိ၏။ ထို့ကြောင့် အဘိဓမ္မာတတ်သူသည် တရားပင် မဟောစေကာမူ ပြဿနာတစ်ရပ်ကို အဖြေရှာရာတွင် မှန်မှန်ကန်ကန် တိတိကျကျ ဖြေရှင်းပြနိုင်သောကြောင့် ဓမ္မကထိက အစစ်ဟူ၍ ဆိုခြင်းဖြစ်၏။

ဤသို့ ရုပ်နာမ်သဘာဝကို တိတိကျကျသိခြင်း၊ မည်သူက မည်မျှပင် လှည့်ပတ်၍ ပြောဆိုရေးသားစေကာမူ ဤကား မိစ္ဆာ၊ ဤကား သမ္မာ-ဟု ရှင်းရှင်းလင်းလင်း သိခြင်းသည်ကား အဘိဓမ္မာ ကို သင်ယူရခြင်း၏- အကျိုးတည်း။

အဘိဓမ္မာကို ဘုရားဟောမဟုတ်ဟု ပစ်ပယ်ခြင်း၏ အပြစ်တို့ကို ဗုဒ္ဓ၏ ဗုဒ္ဓ၀ါဒ-စာအုပ်တွင် စာရေးသူ ရေးဖူးပါသည်။ ယခု ထိုစာအုပ်မှပင် ထုတ်ပြပါမည်။

အဘိဓမ္မာကို ဘုရားဟောမဟုတ်ဟု ပစ်ပယ်ခြင်းသည်။

(၁) ဘုရားရှင်၏ ဓမ္မစက်ကို ရိုက်ချိုးဖျက်ဆီးရာ ရောက်၏။

(၂) ထိုသို့ ဖျက်ဆီးသောအားဖြင့် ဤမျှလေးနက်တိကျသော၊ ရှေ့နောက်ညီညွတ်သော ၊ အကြောင်းအကျိုး ခိုင်လုံသော တရားမျိုးကို ဘုရားရှင် မဟောနိုင်ရာ-ဟု ဆိုရာရောက်ရကား သဗ္ဗညုတဉာဏ်တော်ကိုလည်း တားမြစ်ရာရောက်၏။

(၃) သဗ္ဗညုတဉာဏ်တော်ကို တားမြစ်ရာရောက်သဖြင့် `အန္တရာယ၊ နိယျာနနှင့်၊ ဗုဒ္ဓ-အာသ၀က်၊ ဤလေးချက်၌၊ ဟန့်ဖျက်မသမာ၊ ကန့်ကွက်လာသော်၊ လွန်စွာရဲတင်း၊ ဖြေရှင်းနိုင်သော ဝေသာရဇ္ဇ ဉာဏ်တော်ကို ဆုတ်နစ်စေရာလည်း ရောက်၏။

(၄) အဘိဓမ္မာကို နာယူလို၊ သင်ယူလိုသူတို့ကို မနာယူချင်၊ မသင်ယူချင်အောင် ပိတ်ပင်ရာလည်း ရောက်၏။

(၅) (ထိုသို့ မနာယူရသဖြင့် ရုပ်နာမ်တရားတို့ကို ပိုင်းခြား၍ မသိနိုင်ရကား ) အရိယာမဂ်ကို ပိတ်ပင်ဆီးတားရာလည်း ရောက်၏။

(၆) (သံဃာကွဲပြားခြင်း၏ အကြောင်း ၁၈-မျိုးတွင် ဘုရားဟောကို ဘုရားဟောမဟုတ်-ဟု ပြောဆိုခြင်းလည်း ပါသဖြင့်) သံဃာကွဲပြားဖို့ရာ အကြောင်းတစ်ပါးကို ကျူးလွန်ရာလည်း ရောက်၏။

(၇) ဗုဒ္ဓဘာသိတ အဘိဓမ္မာကို ဗုဒ္ဓဘာသိတ (ဘုရားဟော) မဟုတ်ဟု ငြင်းခုံခြင်းသည် ၀ိဝါဒ-မည်၏။ အဘိဓမ္မာ၏ အပြစ်ကို ပြောခြင်းသည် ဓမ္မအ၀ဏ္ဏဘာသန- မည်၏။ ထိုသို့သော (ရဟန်း) ပုဂ္ဂိုလ်ကို ဥက္ခေပနီယ (နှင်ထုတ်) ကံလည်း ပြုထိုက်၏။ တဇ္ဇနီယ (ခြိမ်းခြောက်) ကံလည်း ပြုထိုက်၏။ (လူဖြစ်လျှင် ပတ္တနိကုဇ္ဇန- သပိတ်မှောက်ကံ ပြုထိုက်၏။) (အဘိ၊ဋ္ဌ၊၁၊ ၃၀)

အထက်ပါ အကျိုးအပြစ်များသည် ပထမဆုံးသော အဘိဓမ္မာ အဋ္ဌကထာကြီးမှ ဖော်ပြချက်များ ဖြစ်၏။

`ဥပါလိတ္ထေရအပဒါန်မှ အရှင်ဥပါလိမထေရ်၏ မိန့်ဆိုချက်တို့ကို လည်း ဖော်ပြချင်ပါသေးသည်။

`သာသနာတော်သည် အချို့သော သူတို့အား ပျို့အန်ဆေးဖြစ်၍ အချို့သော သူတို့အား ၀မ်းလျှောဆေး ဖြစ်၏။ အချို့သော သူတို့အား လတ်တလော သေစေတတ်သော အဆိပ်ဖြစ်၍ အချို့သော သူတို့အား နတ်ဆေးဖြစ်၏။

သာသနာတော်သည် မဂ္ဂဋ္ဌာန်လေးယောက်တို့အား ကိလေသာကို အန်ဆေးဖြစ်၍ ဖလဋ္ဌာန်လေးယောက်တို့အား ၀မ်းလျှောဆေး ဖြစ်၏။ အကျိုးကို လိုလားကုန်သော ကောင်းမှုကို ရှာမှီးကုန်သော သူတို့အား နိဗ္ဗာန်ဆေးသဖွယ် ဖြစ်၏။

သာသနာတော်နှင့် ဆန့်ကျင်သော သူတို့အား လတ်တလော သေစေတတ်သော အဆိပ်ကဲ့သို့ (ဖြစ်၏ဟူ၍) ဟောကြားတော်မူ၏။ မျက်စောင်းရိပ်ကာမျှဖြင့် လျှင်စွာ သေစေတတ်သော အဆိပ်ရှိသော မြွေဆိုးသည် ထိုလူကို လောင်စေသကဲ့သို့ ထိုအတူ သာသနာတော်နှင့် ဆန့်ကျင်သောသူကို လောင်စေ၏။

တကြိမ်သောက်အပ်သော အဆိပ်သည် အသက်ကို တကြိမ်သာ ဖြတ်တတ်၏။ ထိုသူသည် သာသနာတော်နှင့် ဆန့်ကျင်ဘက် ပြုသောကြောင့် ကမ္ဘာကုဋေပတ်လုံးလည်း လောင်မြိုက်ရ၏။

ထိုမြတ်စွာဘုရားသည် သည်းခံခြင်းဖြင့်လည်းကောင်း၊ မညှဉ်းဆဲခြင်း ဖြင့်လည်းကောင်း ၊ မေတ္တာစိတ်ရှိခြင်းဖြင့် လည်းကောင်း၊ နတ်နှင့်တကွသော လောကကို ကယ်တင်တော် မူ၏။ ထို့ကြောင့် ထိုဘုရားရှင်တို့ကို ဆန့်ကျင်ဘက် မပြုအပ်ကုန်။

လာဘ်ရမှု မရမှု၌ မကပ်ငြိကုန်၊ မြတ်နိုးမှု မမြတ်နိုးမှု၌ မကပ်ငြိကုန်၊ ဘုရားရှင်တို့သည် မြေကြီးအထုနှင့် တူကုန်၏။ ထို့ကြောင့် ထိုဘုရားရှင်တို့ကို ဆန့်ကျင်ဘက် မပြုအပ်ကုန်။

မြတ်စွာဘုရားသည် သတ်ပုတ်ညှဉ်းဆဲတတ်သော ဒေ၀ဒတ်၌ လည်းကောင်း ၊ အင်္ဂုလိမာလခိုးသူ၌လည်းကောင်း၊ ရာဟုလာ သားတော်၌လည်းကောင်း၊ နာဠာဂိရိဆင်၌လည်းကောင်း၊ ခပ်သိမ်းသော သတ္တ၀ါတို့အား တူမျှသော စိတ်ထားရှိတော်မူ၏။

ထိုဆန့်ကျင်သော သူတို့အား အမျက်ထားခြင်း မရှိ။ ဤမဆန့်ကျင်သော သူတို့အား တပ်နှစ်သက်မှု မရှိ၊ သတ်ဖြတ် ညှဉ်းဆဲတတ်သော သူအားလည်းကောင်း၊ ရင်သွေးသားမြတ် အားလည်းကောင်း၊ ဤသတ္တ၀ါအလုံးစုံတို့အား မြတ်စွာဘုရား သည် တူမျှသော စိတ်ထားရှိတော်မူ၏။

(ဂါထာ- ၅၇၉-မှ ၅၈၆)

ဗုဒ္ဓဘုရားရှင်နှင့် သာသနာတော်အား စော်ကားပြစ်မှားကြသူ အပေါင်းအား ဘုရားရှင်ထုံး နှလုံးမူ၍ အမျက်မထား ဒေါသမပွားပဲ အမှန်တရားဘက် ဘုရားရှင်ဘက်မှ ရပ်တည်ကာ သာသနာတော်ကို ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။ ။

(သာသနာတော်ကို ကာကွယ်စောင့်ရှောက်၍ မိစ္ဆာတို့ကို ဖြိုးခွင်းရန် စည်းလုံးပေါင်းစုကြသော အသင်းအဖွဲ့များအား

ဂုဏ်ပြုကြိုဆိုလျက်။)

အရှင်ကောဝိဒ (ယော)

Read More(အပြည့်အစုံဖတ်လိုလျင်).......

Friday, August 7, 2009

ဗုဒ္ဓဘာသာ (၅) မျိုး

ယနေ့ခေတ်လူငယ်တွေဟာ ဗုဒ္ဓဘာသာဆိုင်ရာ ၊ အသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာကြတာကို တွေ့နေရတယ် ။ ဘုရားကိုတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး ။ ဒီလို အခြေအနေတွေကို ကြိုတင်သိမြင်တော်မူခဲ့လို့ ဗုဒ္ဓမြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅) မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောကြားတော်မူခဲ့ပါတယ် ။ အဲ့ဒီ ဗုဒ္ဓဘာသာ (၅) မျိုး ကတော့ -
(၁) ကုလ ဗုဒ္ဓဘာသာ ၊
(၂) လာဘ ဗုဒ္ဓဘာသာ ၊
(၃) ဘယ ဗုဒ္ဓဘာသာ ၊
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ နှင့် ၊
(၅) ပညာဓိက ဗုဒ္ဓဘာသာ ဆိုပြီး ဖြစ်ပါတယ် ။


(၁) ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာမျိုးပါ ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန် ။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့ ။ မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ ။ ဘုရား ဘာတရားဟောမှန်းလည်းမသိ ။ ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့် ကိုးကွယ်ရမှန်းလည်းမသိ ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ ။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ ။ လုပ်တော့လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ ။ ကုလ ဗုဒ္ဓဘာသာပါ ။

(၂) လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ ။ ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ် ။ ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ ။ ဘုရားကိုးကွယ်မှ လာဘ်ပေါများမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ ။ အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး ။ ကံ ၊ ညဏ် ၊ ဝိရိယ သတ္တိကြောင့်ပါ ။ အိမ်ခြံ ဝယ်မယ် ။ ရောင်းမယ် ။ အိမ်နေရာ ပြောင်းမယ် ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ ။ ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုးတော် ဘွားတော်ပုံတွေ တင်ထားတာတွေ ။ ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ ။ ဗေဒင်ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ် ။



(၃) ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက် လို့ ကိုးကွယ်တာကိုခေါ်ပါတယ် ။ အန္တရာယ်ကင်းဖို့ ၊ ဘေးရှင်းဖို့ ၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယ ဗုဒ္ဓဘာသာဟု ခေါ်ပါသည် ။ ဒီဘုရား ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစ္စလာမ်တွေ အသက်ရာကျော် ရှည်နေကြတာ ဘာလို့ပါလဲ ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒ္ဓဘာသာ ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာ ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ ။ ဒီ ကုလ ၊ လာဘ ၊ ဘယ ဗုဒ္ဓဘာသာ (၃) မျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ပါသည်။

ဟိုလူမ,ပါ ။ ဒီလူမ,ပါ ။ ဟိုလူပသပါတယ် ။ ဒီလူပသပါတယ် ။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့ ။ ခန္ဓာမှာ အသိ ၊ ဘာသာရေးအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ် ။ ဘုရားလည်း ကိုးကွယ်ရသေး ၊ တရားလည်းကိုးကွယ်ရသေး ၊ ဆွမ်းဦးကိုလည်း လောင်းလှူရသေး ၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး ။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ ဘာအတွက် သာသနာကိုချီးမြှောက်နေတာလဲ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။ စဉ်းစားပါ ။ ဝေဖန်ပါ ။ သုံးသပ်ပါ ။

(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ

သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ် ။ သဒ္ဓ္ဒါတရားဆိုတာ ယုံကြည်ချက်ပါ ။ ဘုရား ၊ တရား ၊ သံဃာကို တကယ်သက်ဝင် ယုံကြည်တာကို ခေါ်ပါတယ် ။ ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓ္ဒါ နဲ့ မှားမှား ယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓ္ဒါဆိုပြီး (၂) မျိုးရှိပါတယ်။

သမ္မာသဒ္ဓ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကိုသူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ် ။ ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင် သိတော်မူသွားကြတဲ့ အရိယာ သူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ် ။ နိဗ္ဗာန်ဆိုတာ အို ၊ သေ ၊ နာ လွတ်ရာပါ ။ အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သော ယုံကြည်ချက် ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ ။ မြတ်စွာဘုရား ဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည် ။ ထို အသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ဆောင်တာပါ ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး ။

ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေးဇူးပါ ။ ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ၊ သုတ် ၊ ဝိနည်း ၊ အဘိဓမ္မာ တရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထား တာပါ ။ သံဃာတော်ကို ယုံကြည်မှု ။ ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာ သဒ္ဓ္ဒါယုံကြည်မှု ။

မိစ္ဆာသဒ္ဓ္ဒါယုံကြည်မှုက လာဘ်လာဘ ပေါတယ် ။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဓ္ဒါ ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက် ၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက် ၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ။ ဒါတွေဟာ မိစ္ဆာသဒ္ဓ္ဓါတွေပါ ။

အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓ္ဒါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ် ။ အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါတယ် ။ မှားတာကို မှားတယ်လို့ သိတယ် ။ မှန်တာကို မှန်တယ်လို့သိတယ် ။ သိတဲ့ အပြင် ၊ အမှားလမ်းကို ရှောင် ၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဓ္ဒါ ရှိတဲ့ သဒ္ဓ္ဒါဓိက ဗုဒ္ဓဘာသာပါ ။

(၅) ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည် ။ ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ် ။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာ မဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ် ။ ထိုသို့ သိတာကို ပညာ ဟုခေါ်ပါသည် ။ သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ ။ ပညာဓိက ဗုဒ္ဓဘာသာပါ ။ ဘုရားက မင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ် ။ ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ် ။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ် ။ ယုံကြည်တော့ သဒ္ဓ္ဒါ ၊ ဖြစ်ပျက်မြင်တာက ပညာ ။

ထိုကြောင့် သဒ္ဓ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့ ။ သဒ္ဓ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏ ။ တို့မှာ အပါယ်မျိုးစေ့တွေ ၊ အပါယ်ကျကြောင်း ကံတွေ လုပ်ထားတာရှိတယ် ။ ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး ။ သူ့ကို တားချင်ရင် ၊ သူ့ကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရမယ် ။ ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက် မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓ္ဒါလည်းပါတယ် ၊ ပညာလည်းပါတယ် ။ ဒါသည် သဒ္ဓ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။

- ဘယ်သူသည် ၊ ဘယ်လို ဗုဒ္ဓဘာသာဝင်လဲ ဆိုတာ သိနိုင်ကြပါစေ ။
- ဗုဒ္ဓဘာသာ ဆိုတိုင်း ရမ်းသမ်း လက်ညိုးထိုးမနေကြပါနှင့် ။

ကမ္ဘာ အရပ်ရပ်ရှိ မြန်မာမူဆလင်ညီအစ်ကို မောင်နှမများ အမှန်ကို သိနိုင်ကြစေရန် ထပ်ဆင့်တင်ပြလိုက်ရခြင်းပါ ။

လေးစားမှုဖြင့်-
ဟာဂျီဝက်စ်လီ



(ဒီဗုဒ္ဓဘာသာ(၅)မျိုး အကြောင်းကို အရှင် ဇောတိကသာရ (စဥ့်ကူး) ရေးသားပူဇော်သည့် မိုးကုတ်မြို့ ကုန်းမြင့်သာရပ် ဓမ္မရံသီရိပ်သာ ပဓာန နာယက ကမ္မဋ္ဌာနာစရိယ နယ်လှည့်ဓမ္မကထိက ဆရာတော် ဘဒ္ဒ န္တ သုနန္ဒ ဟောကြားတော်မူသော ဗုဒ္ဓဘာသာ(၅)မျိုး နှင့် သစ္စာလေးပါး တရားတော် စာအုပ်မှ ကောက်နှုတ် ဖော်ပြခြင်း ဖြစ်ပါတယ်) ။.

Read More(အပြည့်အစုံဖတ်လိုလျင်).......