နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Monday, June 29, 2009

မြန်မာနိုင်ငံ၌ ထေရဝါဒ ဗုဒ္ဓဘာသာသာ မတည်တံ့ခဲ့လျှင်...

ဝင်းသိန်းဦး

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်းကိုးရာခန့်မှ စ၍ ထေရဝါဒ ဗုဒ္ဓသာသနာသည် စဉ်ဆက်မပြတ် စည်ပင်တည်တံ့လာခဲ့သည်။ ယင်းကာလမတိုင်မီကပင် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာရောက်ရှိခဲ့ပြီး ဖြစ်စေကာမူ ထေရဝါဒထက် တန္တရ ၊ မန္တရ ၊ ဝိဇ္ဇာယာန ၊ မဟာယာနတို့ ကသာ ပို၍ အားကောင်းခဲ့သည် ။ ထို့အပြင် ဗြာဟ္မဏဝါဒကလည်း ဗုဒ္ဓဝါဒနှင့် ထွေးရောယှက်တင် ရှိနေခဲ့သည်။

သို့သော် ပုဂံခေတ် အနော်ရထာဘုရင်လက်ထက်မှစ၍ ထေရဝါဒ ဗုဒ္ဓဘာသာသည် မြန်မာ့သမိုင်းစဉ်တစ်လျှောက် မြန်မာတိုင်း ရင်းသား အများစုကြီး၏ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအဖြစ် တည်တံ့ပြန့်ပွားလာခဲ့သည်မှာ ယနေ့တိုင်အောင်ပင် ဖြစ်တော့သည်။
၁၁- ရာစုမှစ၍ နိုင်ငံတစ်ခုအနေဖြင့် ကမ္ဘာ့သမိုင်းစဉ်တွင် တစ်သီးတစ်ခြားရပ်တည်လာခဲ့သော မြန်မာနိုင်ငံသည် ၁၉-ရာစု အရောက်တွင် တိုင်းတစ်ပါးသားတို့၏ ကိုလိုနီပြုခြင်းကို ခံခဲ့ရသည်။ လာရောက်စိုးမိုးအုပ်ချုပ်သူတို့မှာ တိုင်းတစ်ပါးသား ဘာသာခြား လူမျိုးများ ဖြစ်ကြသည့်အလျောက် သူတို့၏ အရှိန်အဝါကို အမှီပြုလျက် ဘာသာခြားသာသနာပြုမစ်ရှင်များလည်း အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့ကြသည်။

သူတို့မှာ ကမ္ဘာပတ်၍ သာသနာပြုလာခဲ့ကြသူများ ဖြစ်သည့်အလျောက် သာသနာပြုအတွေ့အကြုံရင့်ကျက်သူများ ဖြစ်ကြသည်။ နယ်မြေဒေသတစ်ခုတွင် သာသနာပြုလုပ်ငန်း လုပ်တော့မည်ဆိုသည်နှင့် ယင်းနယ်မြေဒေသခံလူမျိုးတို့၏ ရှိရင်းစွဲအယူဝါဒ၊ ဘာသာတရား၊ အသုံးပြုသည့်စာပေ၊ ဘာသာစကားနှင့်နယ်ခံယဉ်ကျေးမှုတို့ကို စေ့စပ်စွာလေ့လာကြသည်။ ထို့နောက် သူတို့၏ ဘာသာရေးစာပေတို့ကို ယင်းဒေသခံတို့သုံးစွဲရာ ဘာသာစကားဖြင့် ပြန်ဆိုရေးသားဖြန့်ချိခဲ့ကြသည်။

ထိုစဉ်က သာသနာပြုမစ်ရှင်တို့သည် ဒေသခံတို့ မူလကိုးကွယ်ရာ အိမ်ရှင်ဘာသာတရားကိုလည်း စေ့စပ်စွာ လေ့လာကြသည်။ ထို့နောက် အိမ်ရှင်ဘာသာတရား၏ ဟာကွက်၊ပျော့ကွက်တို့ကို လိုက်ရှာကြသည်။ အိမ်ရှင်ဘာသာတရား၏ အားနည်းချက်နှင့် သူတို့၏ဧည့် ဘာသာတရား၏ အားသားချက်ကို နှိုင်းယှဉ်ဟောပြော ရေးသားဖြန့်ချိကာ ဆွဲဆောင်သိမ်းသွင်းကြသည်။ ယင်းသာသနာပြုနည်းသည် ကမ္ဘာ့ဒေသအသီးသီးတွင် အလွန်အောင်မြင်ခဲ့ပေသည်။ ဒေသအတော်များများတွင် ဧည့်ဘာသာတရားက အိမ်ရှင်နေရာတွင် အခန့် သားရောက်ရှိသွားပြီး မူလအိမ်ရှင်ဘာသာတရားမှာ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ရသည်။ အချို့ဒေသများတွင် လုံးဝပျောက်ကွယ်သွား ခဲ့ရသည်။

သို့သော် သူတို့၏ သာသနာပြုနည်းသည် မြန်မာနိုင်ငံတွင် မအောင်မြင်ခဲ့ပေ။ မြန်မာတိုင်းရင်းသားတို့၏ ရာနှုန်းအနည်းငယ်မျှသာ ဧည့်ဘာသာဝင်အဖြစ် ခံယူခဲ့ကြသော်လည်း အများစုကြီးမှာ မူရင်းဗုဒ္ဓဘာသာဝင်အဖြစ်နှင့် ယနေ့ထက်တိုင် တည်တံ့နေခဲ့သည်။ ကမ္ဘာတစ်ဝန်းဒေသအတော်များများတွင် အောင်မြင်ခဲ့သော သူတို့၏ သာသနာပြုနည်းသည် မြန်မာနိုင်ငံကျမှ အဘယ့်ကြောင့်ထင် သလောက်မပေါက်ဖြစ်ခဲ့ရပါသနည်း။ သူတို့ကိုယ်ကို ပြန်လည်သုံးသပ်ခဲ့သည်။ သူတို့၏ အကြောင်းပြချက်မှာ မြန်မာတို့သည် အစွဲအလမ်း ကြီးသူများ၊ အယူသီးသူများဖြစ်သောကြောင့်ဟုဆိုသည်။

သူတို့မညံ့သည်ကား မှန်ပါသည်။ သူတို့လာရောက်ဖြန့်ဖြူးသည့် ဘာသာတရားမှာလည်း အတိုင်းအတာ တစ်ခုအထိ လူသားတို့ လက်ခံဖွယ်ရာ ဘာသာတရားလည်း ဖြစ်ပါသည်။ သို့သော် သူတို့၏ သာသနာပြုလုပ်ငန်းများ မြန်မာနိုင်ငံတွင် မှန်းသလောက်မပေါက် ခဲ့ခြင်းမှာ မြန်မာတိုင်းရင်းသားတို့ အယူသီး၍ ကားမဟုတ်ပါချေ။ မြန်မာတို့၏ အိမ်ရှင်ဘာသာတရားဖြစ်သော ထေရဝါဒဗုဒ္ဓဘာသာသည် ဧည့်ဘာသာတရားက မည်သို့မျှဟာကွက်ရှာ ထိုးဖောက်၍ မရနိုင်လောက်အောင် အဆင့်အတန်းမြင့်နေသောကြောင့်သာ ဖြစ်ပါသည်။ ထေရဝါဒဗုဒ္ဓဘာသာတွင် တိကျခိုင်မာသော သဘောတရားရေးလမ်းညွှန်ချက်(ပရိယတ္တိသာသနာ)နှင့် လက်တွေ့ကျင့်စဉ် (ပဋိပတ္တိ သာသနာ) တို့ ပီပြင်စွာရှိနေသည်။ လက်တွေ့ကျင့်စဉ်ကို သဘောတရားက လမ်းညွှန်မှုပြုလျက်ရှိပြီး သဘောတရား၏ မှန်ကန်မှုကို လက်တွေ့ကျင့်စဉ်မှ ထွက်ပေါ်လာသည့် အကျိုးတရား(ပဋိဝေဓသာသနာ)က သက်သေထူလျက်ရှိသည်။

အချို့ဒေသများမှာကား ဗုဒ္ဓဘာသာ ထွန်းကားသည်ဟုဆိုစေကာမူ သာသနာသုံးရပ် ပြည့်စုံစွာမတည်ရှိပေ။ သူတို့ခံယူရာသဘော တရားမှာ မူရင်းဗုဒ္ဓဘာသာမှ သွေဖည်လွဲချော်လျက်ရှိသည်။ သဘောတရားမမှန်သော ကျင့်စဉ်မှာလည်း တလွဲတချော်၊ ထွက်ပေါ်လာသော ရလဒ်ကလည်း အကျိုးမဲ့လျက် မိရိုးဖလာယဉ်ကျေးမှု ဓလေ့တစ်ရပ်အဖြစ်သာ သဘောထားခံယူနေကြသည်။ ဤသို့သော ဒေသတို့တွင်ကား ဧည့်သည်ဘာသာ သာသနာပြုတို့အလွယ်တကူ အောင်ပွဲခံနိုင်ခဲ့ကြသည်။ ဒေသခံတို့ကလည်း ဧည့်ဘာသာတရားနှင့် သူတို့လက်ရှိခံယူထားသော အိမ်ရှင်ဘာသာတို့အား နှိုင်းယှဉ်သုံးသပ်လိုက်ရာ ဧည့်ဘာသာတရားက များစွာ အားသာမှု၊ ခေတ်နှင့်လျော် ညီမှု ရှိကြောင်းတွေ့ရှိရပေရာ မူရင်းဘာသာကို အလွယ်တကူ စွန့်လွှတ်ခဲ့ကြသည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း ထေရဝါဒမဟုတ်သော အမည်ခံဗုဒ္ဓဘာသာတစ်ခုခုသာ ထွန်းကားခဲ့ပါက ယခုလောက်ဆိုလျှင် ဗုဒ္ဓဘာသာသည် မိရိုးဖလာကို ဇွတ်မှိတ်လက်ခံတတ်သော မြန်မာတိုင်းရင်းသားအနည်းစုကိုးကွယ်ရာ ခေတ်မမီတော့သည့် ဘာသာတရား တစ်ခုအဖြစ်သာ ရှိနေပေလိမ့်မည်။ တိုင်းရင်းသားအများစုကြီးမှာ ဧည့်ဘာသာတရား၏ စည်းရုံးသိမ်းသွင်းမှုအောက်သို့ အလွယ်တကူ ရောက်ရှိသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပေသည်။

၁၉-ရာစု ကိုလိုနီခေတ်တွင် ဘာသာတရားတို့သည် ကိုလိုနီအပြုခံသူများအား စည်းရုံးသိမ်းသွင်းရာ၌ အရေးပါသော နိုင်ငံရေး လက်နက် တစ်ခုအဖြစ်လည်း အသုံးချခြင်းခံခဲ့ရကြောင်းတွေ့ရှိရသည်။ စိုးမိုးအုပ်ချုပ်သူတို့သည် သူတို့အုပ်ချုပ်ခြင်းကိုခံယူရသည့် ကိုလိုနီ နိုင်ငံသားတို့အား သူတို့၏ ဘာသာ၊ သူတို့၏ ယဉ်ကျေးမှုဓလေ့စရိုက်ကို အထင်ကြီး လေးစားလာစေလိုကြသည်။ သူတို့ကိုယ်ကို သာသနာ ပြုမင်းများ၊ ကယ်တင်ရှင်ကြီးများအဖြစ် ဒေသခံတိုင်းရင်းသားတို့က ယုံကြည်လေးစားလာစေခြင်းဖြင့် ကိုလိုနီအုပ်ချုပ်ရေးစနစ် တည်ငြိမ်မှုကို များစွာအထောက်အကူပြုစေခဲ့ကြသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံသို့ ၁၉-ရာစုက လာရောက်ကိုလိုနီပြုခဲ့သူတို့သည် သူတို့၏ ဧည့်ဘာသာသို့ မြန်မာတိုင်းရင်းသားများ ကူးပြောင်းဝင်ရောက်လာစေရေးအတွက် ဧည့်ဘာသာ သာသနာပြုမစ်ရှင်များကို တိုက်ရိုက်ရော၊ သွယ်ဝိုက်၍ပါ အားပေးအားမြှောက်ပြုခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကားခဲ့၍သာလျှင် မြန်မာတိုင်းရင်းသားတို့သည် ဘာသာရေး ကိုယ်ခံအားကောင်း ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှုသည်လည်း ထေရဝါဒ ဗုဒ္ဓသာသနာ အဆုံးအမအောက်တွင် ထွန်းကားလာရခြင်းဖြစ်ရာ အကယ်၍သာ ထေရဝါဒ ဗုဒ္ဓဘာသာနေရာတွင် အခြားဗုဒ္ဓဘာသာဂိုဏ်းကွဲတစ်ခုခု တည်ရှိနေခဲ့ပါလျှင် ကျွန်ုပ်တို့၏ မြန်မာတိုင်းရင်းသားအများစုကြီးသည် ၁၉-ရာစုကပင် ဧည့်ဘာသာသာသနာပြုတို့၏ စည်းရုံးသိမ်းသွင်းမှုအောက်သို့ အလွယ်တကူ ကျရောက်သွားမည့်အပြင် ဗုဒ္ဓဝါဒကို အခြေခံ သော မြန်မာ့ယဉ်ကျေးမှုသည်လည်း ထိုစဉ်ကပင် အနောက်တိုင်းယဉ်ကျေးမှုအောက်သို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။

ဘာသာတရားနှင့်ယဉ်ကျေးမှုတို့ကို ဝါးမျိုးသိမ်းသွင်းခံရသော လူမျိုးတစ်မျိုးအနေနှင့် မည်သည့်အခါမျှ မျိုးချစ်စိတ်နှင့် လွတ်လပ် ရေးရယူလိုသောစိတ်တို့ အညွှန့်တက်လာတော့မည်မဟုတ်ချေ။ ကိုလိုနီပြုသူနှင့် ကိုလိုနီအပြုခံရသူတို့အကြား ကွဲပြားသော အမြင် မရှိတော့သည့်အလျောက် ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုးအား ကိုလိုနီဘဝမှ လွတ်မြောက်အောင် အားထုတ်ကြိုးပမ်းလိုစိတ်လည်း ရှိတော့မည် မဟုတ်ပေ။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၌ ထေရဝါဒ ဗုဒ္ဓဘာသာသာ မတည်တံ့ခဲ့လျှင် မြန်မာနိုင်ငံနှင့် မြန်မာတိုင်းရင်းသားတို့သည် တိုင်းတစ်ပါးသား တို့၏ ကိုလိုနီပြုခြင်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သည့်နည်းဖြင့်ဖြစ်စေ၊ ယနေ့ထက်တိုင် ဆက်လက်ခံစားနေရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့်မြန်မာတိုင်းရင်းသားထုကြီးအနေဖြင့် မိမိတို့၏အမျိုးဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုတို့ကို အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲစေလို ပါလျှင် ထေရဝါဒ ဗုဒ္ဓသာသနာ၏ ကျေးဇူးတရားကို အစဉ်မမေ့ဘဲ အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲစေရန် အားထုတ်ကြိုးပမ်းသင့်လှကြောင်း တင်ပြလိုက်ရပါသည်။



Ref;
- ဓမ္မရံသီ၊ အမှတ်-၁၃၀၊၂၀၀၀ ပြည့်နှစ်၊ အောက်တိုဘာလ။

No comments:

Post a Comment

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-