နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့

အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။

ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။

သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)

မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။

Saturday, August 29, 2009

နိုင်ငံရေးလှည့်ကွက် ၊ ကစားကွက်များကြားက တီဟီရန်

29 August 2009 ၊ တီဟီရန် ။
အရေးယူမည်
အီရန်နိုင်ငံတွင် ဇွန်လ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် သမ္မတ ရွေးကောက်ပွဲ နောက်ပိုင်းတွင် မငြိမ်မသက်မှု ဖြစ်လာအောင် ဦးဆောင်ခဲ့သူများ အားလုံးကို အရေးယူအပြစ်ပေးမည်ဟု အနိုင်ရ သမ္မတ အမာဒင်နီဂျတ် က ပြောသည် ။ ယမန်နေ့က မြို့တော် တီဟီရန်မှ အီရန်တစ်တိုင်းပြည်လုံးသို့ မိန့်ခွန်း ပြောကြားရာတွင် သမ္မတ အမာဒင်နီဂျတ် က - အတိုက်အခံတွေ ဖရိုဖရဲ ဖြစ်နေကြပြီဟု အတိအလင်း ပြောကြားခဲ့ပါသည် ။

အစိုးရဆန့်ကျင် ဆန္ဒပြတာတွေကို စီစဉ်သူတွေဟာလည်း ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းကို ခံရလိမ့်မယ် ။ (သူ့စကားနဲ့ ပြောရလျင်) ရန်သူ့ အစီအစဉ်ကို အကောက်အထည် ဖော်ပေးတဲ့သူတွေဟာ သူတို့လုပ်တဲ့ကိစ္စကို သူတို့ တာဝန်ယူ ရလိမ့်မယ်လို့ ပြောခဲ့ခြင်း ဖြစ်သည် ။ ဆန္ဒပြမှုများတွင် နောက်လိုက်သက်သက် ပါဝင်ခဲ့သူများကိုမူ အစ္စလာမ်ဘာသာ၏ သက်ညှာမှုဖြင့် ကိုင်တွယ်သွားရမည်ဟု ဆိုသည် ။ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ မာမွတ် အမာဒင်နီ ဂျတ် ပြန်လည် အရွေးခံခဲ့ရခြင်း အပေါ် ဆန့်ကျင်ဆန္ဒပြသူ ထောင်ပေါင်းများစွာတို့ အဖမ်းခံခဲ့ရပြီး ၊ အစိုးရကို ထိပါးစော်ကားသည့် ရာဇ၀တ်မှုဖြင့် ရုံးတင် စစ်ဆေး ခံနေကြရပါသည် ။

အီရန် ပြောင်းလဲတော့မည်လော
ထိုသို့ ၊ သမ္မတ ရွေးကောက်ပွဲ ရလဒ် ပေါ်ထွက်လာပြီးနောက် ကမ္ဘာသိ ဖြစ်ပျက်ခဲ့မှု နှင့် ပတ်သက်၍ အီရန်၏ နိုင်ငံရေး အနာဂတ်အပေါ် မှန်းချက်ထုတ်မှု အဖုံဖုံရှိလာသည် ။ ဘာသာရေးအခြေခံ သဘောထား တင်းမာသည့် ရှေးရိုးစွဲ အာဏာရ နိုင်ငံရေးသမားများအပေါ် ပြုပြင် ပြောင်းလဲရေး ဝါဒီများ က အန်တု ရင်ဆိုင်ခဲ့မှုများ ဖြစ်လာ၍ အီရန်တွင် နိုင်ငံရေး အပြောင်းအလဲများ ရှိလာတော့မည်ဟု အများစုက မှန်းဆခြဲ့ကသည် ။


အသက် ၇ဝ နှစ်အရွယ်ရှိ လုပ်ပိုင်ခွင့် အရှိဆုံး ပုဂ္ဂိုလ် ဘာသာရေး ခေါင်းဆောင်ကြီး(Supreme Leader) အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) ၏ ထိန်းချုပ်မှု ဗျူဟာများအရ အသက် ၅၂ နှစ်အရွယ်ရှိ မစ္စတာ အာမက် ဒီနေဂျက် (Mahmoud Ahmadinejad) သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် အခမ်းအနား ကျင်းပခွင့်ရသည် ။ တစ်ပွဲငြိမ်းသွားသည် ။ 'လူများ' ၊ 'စနစ်များ' အကြောင်း ထဲထဲဝင်ဝင် နားလည်သူများက အီရန်နိုင်ငံရေးမှာ 'ပွဲပြီးမီးသေ' မဟုတ် ၊ နောက်ဆက်တွဲများ ရှိလာနိုင်သည်ဟု မှတ်ချက်ပြုကြရာ အီရန်နိုင်ငံရေး အနာဂတ် ဖြစ်နိုင်ခြေကို ဆန်းစစ်ဖွယ်ရာ ရှိလာ၏ ။

ဘာသာရေးခေါင်းဆောင်အုပ်ချုပ်သောနိုင်ငံ
ရေနံ သယံဇာတ ကြွယ်ဝသော ၊ ပညာရေး စနစ်ကောင်း ကျင့်သုံးနေသော ၊ အမျိုးသမီး ပါလီမန်အမတ်များ ရှိနေသော ၊ မီဒီယာလွတ်လပ်ခွင့် အလွန်အားနည်းသော ၊ ဓလေ့ ထုံးတမ်းစဉ်လာများနှင့် ခေတ်မီ ယဉ်ကျေးမှုစရိုက်များ လွန်ဆွဲနေသည့် လူ့အဖွဲ့အစည်း ဖြစ်နေသော အီရန်နိုင်ငံတွင် နိုင်ငံကို တကယ်တမ်း အုပ်ချုပ် နေသည်မှာ ဘာသာရေး အဖွဲ့အစည်းကြီး (the Assembly of Experts) ဖြစ်သည် ။ ဒီမိုကရေစီ အမည်ခံ အာဏာရှင် စနစ်ဖြင့် ခရီးဆက်နေသည် ။ ပြည်တွင်း ဗီတို အာဏာရှင်မှာ သမ္မတ မဟုတ် ။ ဘာသာရေး ခေါင်းဆောင်ကြီး (Supreme Leader) ဖြစ်သည် ။ ခေါင်းဆောင်ကြီး ခါမေနီနှင့် သမ္မတ အာမက် ဒီနေဂျက် တို့ ခေါင်းမာမှုချင်း ပိုမိုပေါင်းစပ်သွားကာ အစွန်းရောက်မှု ဒီဂရီ မြင့်တက်သွားသည့် အီရန်ဖြစ်လာတော့မည်လား သို့မဟုတ် နိုင်ငံပြင်ပ ထွက်ရလေ့ရှိသူ သမ္မတနှင့် ဘာသာရေး ခေါင်းဆောင်ကြီးတို့ အကြား အစပ်အဟပ် မတည့်မှုများ ရှိလာကာ နိုင်ငံရေး အသွင်ပြောင်းမှု ရှိလာမည်လားဟု ယူဆကြည့်သူ များစွာရှိနေသည် ။

ပါဝါရှင်-ရဲသုံးဖေါ်
အမှန်တကယ်အားဖြင့် မျက်မှောက် အီရန်နိုင်ငံရေး ယန္တရားကို အသွင်ပြောင်းနိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်မှာ သုံးဦးသာရှိ၏ ။ သုံးဦးစလုံးက အီရန်နိုင်ငံကို လမ်းကြောင်း ပြောင်းနိုင်သည့် ပါဝါရှိနေသည်ဟု ယူဆကြသည် ။ အသက် ၈၇ နှစ်အရွယ်ရှိ အယာတိုလာ ဟူစိန် အလီ မွန်တာဇာရီ (Grand Ayatollah Hossein-Ali Montazeri) ၊ အသက် ၇၄ နှစ်ရှိသူ သမ္မတဟောင်း အလီ အက်ဘား ဟာရှီမီ ရက်ဖ်ဆန်ဂျာနီ (Ayatollah Ali Akbar Hashemi Rafsanjani) နှင့် လက်ရှိ ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ တို့ပင်တည်း ။

လက်ရှိအချိန်တွင် အီရန်နိုင်ငံရေးအတိုက်အခံခေါင်းဆောင်အဖြစ် လူသိများသည့် ဝန်ကြီးချုပ်ဟောင်း မီအာ ဟူစိန် မော်ဆာဗီ (Mir-Hossein Mousavi Khameneh) မှာ အလီမွန်တာဇာရီ၏ တပည့် ။ ပါဝါကြီးသည့် အဆိုပါပုဂ္ဂိုလ်ကြီးသုံးဦးမှာ အီရန်၏ Theocracy အုပ်ချုပ်ရေး စနစ်တွင် ပင်မ ဒေါက်တိုင်ကြီး သုံးချောင်းအဖြစ် ရပ်တည်နေသည် ။ ၄င်းတို့သုံးဦးမှာ အမေရိကန် ကျောထောက်နောက်ခံပြု 'ရှား' ဘုရင်ကို ဖြုတ်ချပြီး အီရန်ကို အစ္စလာမ်မစ် နိုင်ငံဖြစ်အောင် ကြိုးပမ်းမှုလုပ်ခဲ့သည့် မစ္စလာမ်မစ်တော်လှန်ရေး (The Iranian Islamic Revolution of 1979) ကာလ ၁၉၇၉ ခုနှစ်ဝန်းကျင်က တကယ့်သွေးသောက် ရောင်းရင်းများ ။

ပြုပြင်ပြောင်းလဲရေးဝါဒီ သမ္မတဟောင်း မိုဟာမက်ခါတာမီ (Seyed Mohammad Khātamī) မှာ ရက်ဖ်ဆန်ဂျာနီ က မြေတောင် မြှောက်ပေးခဲ့သူ ။ ပုဂ္ဂိုလ်ကြီးသုံးဦးမှာ လက်ရှိအချိန်က မတူညီသောအမြင်များနှင့် အတွင်းကြိတ် တိုက်ပွဲများ ဆင်နွှဲနေကြသည် ။ Persian Puzzle Game လုပ်နေကြသည် ။ သုံးဦးအကြား အသက်ပေးရန် ဝန်မလေးမှု ၊ နောက်ကျောကို ဓားဖြင့်ထိုးခဲ့မှုများ ရှိခဲ့သည် ။

အလီမွန်တာဇာရီ ဘာသာရေး ခေါင်းဆောင် လုပ်စဉ်ကာလများနှင့် ရက်ဖ်ဆန်ဂျာနီ သမ္မတလုပ်စဉ် ကာလများက အီရန်က အစွန်းရောက် သဘောထား တင်းမာမှု အားမကောင်းခဲ့ ။ အယာတိုလာ ရူဟိုလာခိုမေနီ (Ayatollah Sayyid Ruhollah Khomeini) ဘာသာရေး ခေါင်းဆောင် ဖြစ်ခဲ့ချိန်ကလည်း အာဏာရှင်ဆန်မှု အားမကောင်းခဲ့ ။ လက်ရှိခေါင်းဆောင်ကြီး ခါမေနီမှာ အီရန် ဘာသာရေး မြို့တော် Mashhad ရှိ ဗလီကြီးတစ်ခုမှ မူလာကြီး တစ်ဦး၏ သား ။ ငယ်စဉ်ကတည်းက ကိုရန်ကျမ်းပါ မိန့်မှာပြဋ္ဌာန်းမှုများကို အာဂုံဆောင်ခဲ့သူ ။ အဆိုပါ ပုဂ္ဂိုလ် သုံးဦးစလုံး ထောင်နန်း စံခဲ့ရဖူးသည် ။ သုံးဦးစလုံးက တော်လှန်ရေးဗီဇများ ရှိသည် ။ ဘာသာရေးကျမ်းကြေသည် ။ နိုင်ငံရေးအမြင် မတူညီကြ ။ အီရန် ဘာသာရေး နယ်ပယ်တွင် အလီခါမေနီ၏ သြဇာဂုဏ်ဒြပ်မှာ အလီမွန်တာဇာရီကို မမီသေး ။ မမီမှုကပင် လက်ရှိ ခေါင်းဆောင်ကြီးအတွက် မကျေနပ်နိုင်စရာ ကိစ္စတစ်ခု ဖြစ်နေသည်ဟု ပြည်ပြေးလုပ်နေရသူ အီရန် ယဉ်ကျေးမှု ဝန်ကြီးဟောင်း အာတာ အိုလာ မိုဟာ ဂျီရာနီ (Dr. Atallah Mohajirani ) က ဆိုသည် ။ အီရန်အစ္စလာမ်မစ် တော်လှန်ရေး ခေါင်းဆောင် အယာတိုလာခိုမေနီ ပြည်ပြေးအဖြစ် ပြင်သစ်တွင် နေထိုင်ရစဉ် အဖွဲ့ဝင် ငါးဦးပါ တော်လှန်ရေးကောင်စီ ဖွဲ့စည်းခဲ့ရာ အလီမွန်တာဇာရီ က အဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့၏ ။ ရက်ဖ်ဆန်ဂျာနီမှာ စည်းရုံးရေးမှူး အလီခါမေနီက အီရန်တွင် ရဲရဲတောက် တော်လှန်ရေး မိန့်ခွန်းများ ပြောကြားခဲ့သည် ။ ရက်ဖ်ဆန်ဂျာနီမှာ ခြောက်ဦးမြောက် တော်လှန်ရေး ကောင်စီဝင် ဖြစ်လာခဲ့၏ ။ အလီ မွန်တာဇာရီမှာ ခိုမေနီပြီးလျှင် တော်လှန်ရေးကောင်စီတွင် သြဇာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သည် ။ ရက်ဖ်ဆန်ဂျာနီနှင့် အလီခါမေနီတို့ အကြား ဆက်ဆံရေးမှာ အမြဲလိုပင် မချောမွေ့ခဲ့ ။ အဆိုပါ နောက်ခံသမိုင်းကြောင်းကို သိထားမှသာ အီရန်ကို ပြောင်းလဲနိုင်စွမ်း ရှိသူများ မည်သို့အပြောင်းအလဲ လုပ်ဖွယ်ရှိသည်ကို တွက်ဆနိုင်မည် ။

အာဏာရှင်ပါလီမန်ဒီမိုကရေစီစနစ်
အစ္စလာမ်မစ် တော်လှန်ရေး အောင်မြင်ပြီးနောက် အယာတိုလာခိုမေနီ ဘာသာရေးခေါင်းဆောင်ကြီးအဖြစ် အီရန်သို့ ပြန်ရောက် လာသည် ။ ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးမည်ဟု ကြေညာသည် ။ မွန်တာဇာရီကို အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ်ခန့်သည် ။ ရွေးကောက်ခံ ပုဂ္ဂိုလ် အားလုံးကို ကြီးကြပ်မည့် အဖွဲ့ဝင် ၈၆ ဦးပါ ဘာသာရေး ခေါင်းဆောင် အုပ်စုဖွဲ့စည်းသည် ။ ဘာသာရေး ခေါင်းဆောင်က နိုင်ငံရေးလမ်းစဉ် ချမှတ်ပိုင်ခွင့် ၊ တပ်နှင့် ထောက်လှမ်းရေးအဖွဲ့ကိုထိန်းချုပ်ခွင့် ၊ ပါလီမန် ၊ တရားစီရင်ရေးကဏ္ဍနှင့် မီဒီယာ တို့ အပေါ် ထိန်းချုပ် ဆုံးဖြတ်ခွင့်ရယူသည် ။ ၈၆ ဦးသော အဖွဲ့ဝင်များတွင် လက်ရှိ ဒေါက်တိုင် ပုဂ္ဂိုလ်ကြီး သုံးဦးလည်း ပါဝင်သည် ။ ရက်ဖ်ဆန်ဂျာနီက ပါလီမန်ဥက္ကဋ္ဌဖြစ်လာ၏ ။ အလီခါမေနီက ဘာသာရေးသမားများ စီမံအုပ်ချုပ်မှုကို ဆန့်ကျင်သည့် ကွန်မြူနစ် ဝါဒီများကို နှိမ်နင်းရာတွင် ကြီးကြပ်၏ ။ 'သေနေတဲ့ သစ်ပင်ကို အပြောင်ရှင်း' ဟုကြွေးကြော်ခဲ့သော အဆိုပါပုဂ္ဂိုလ်ကြီးသုံးဦး မျက်မှောက် အချိန်တွင် တစ်ဦးကို တစ်ဦး စောင့်ကြည့်နေကြပြီ ။

အယာတိုလာခိုမေနီက အလီခါမေနီကို ၄င်းအား ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့သည် ။ မွန်တာဇာရီကို ရွေးချယ်ရန် ခိုမေနီစဉ်းစားခဲ့စဉ်က ခါမေနီနှင့် ရက်ဖ်ဆန်ဂျာနီတို့က မထောက်ခံခဲ့ ။ မည်သို့ပင်ရှိခဲ့စေ မျက်မှောက်ကာလတွင် အီရန်ပြည်သူများက မွန်တာဇာရီ ၊ ရက်ဖ်ဆန်ဂျာနီနှင့် အလီခါမေနီတို့ကို ခေတ်သစ် အီရန်နိုင်ငံ ထူထောင်ခဲ့သူများ အဖြစ် ရှုမြင်ထား၏ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ အလီခါမေနီက Formal Supreme Leader အဖြစ် ရပ်တည်နေ၏ ။ မွန်တာဇာရီနှင့် ရက်ဖ်ဆန်ဂျာနီတို့ကမူ အလီခါမေနီကို Number One အဖြစ် လက်မခံ ၊ ဖွင့်တော့မပြော ။ အလီခါမေနီက သမ္မတ အာမက် ဒီနေဂျက်ကို ပွဲထုတ်ပြီး အီရန်ကာကွယ်ရေး အင်အားကို အသွင်အမျိုးမျိုး တိုးချဲ့နေချိန်တွင် မွန်တာဇာရီနှင့် ရက်ဖ်ဆန်ဂျာနီတို့က နိုင်ငံရေး အင်အား စုစည်းမှုလုပ်နေပြီဟု အီရန် နိုင်ငံရေး သုတေသီများက ပြောနေသည် ။

မုန်တိုင်းလေလား၊ ငလျင်လား
မဝေးတော့သည့် ကာလတွင် ဘာသာရေးဆိုင်ရာ အရည်အသွေး သတ်မှတ်ချက်နှင့် ခေတ်အမြင် မည်မျှ ရှိ၊ မရှိဟူသည့် ဗျူဟာဖြင့် အီရန် ဘာသာရေး ဇာတ်ခုံတွင် အလှုပ်အရှားများ ရှိလာတော့မည်ဟု သုံးသပ်ကြသည် ။ ဘာသာရေးကို ရှေ့တန်းတင်လာခြင်းမှာ အီရန်က ဘာသာရေး ခေါင်းဆောင်ကြီး (The Supreme Leader of Iran) ဖြစ်လာလျှင် ငါ့မင်းငါ့ချင်းဝါဒ စိတ်ကြိုက် ကျင့်သုံးခွင့် ရှိနေခြင်းကြောင့်ပင် ။ အနောက်အုပ်စုက လက်ရှိ ခေါင်းဆောင်ကြီး ခါမေနီမှာ စတာလင်ထက်ပင် ခေါင်းမာသူဟု သတ်မှတ်ထားသည် ။ ၄င်း၏ အိုင်ဒီယာ အားလုံးကို သမ္မတ ဒီနေဂျက်က အပြည့်အဝ အကောင်အထည် ဖော်ပေးနိုင်မည်ဟု ယုံကြည်နေသည် ။ အီရန် ဘာသာရေး နှင့် နိုင်ငံရေးနယ်ပယ်က အနောက်အုပ်စုနှင့် သင့်မြတ်လိုသူများ ရှိသကဲ့သို့ ဘယ်သူ့မှ အရေးမစိုက်လိုဟု သဘောထားသည့် အုပ်စုလည်း ရှိနေ၏ ။

အီရန် လက်ရှိ အုပ်ချုပ်ရေး ယန္တရားအတွက် ဇွန်လ ၁၂ ရက်နေ့ နောက်ပိုင်း ဖြစ်ပျက်ခဲ့မှုများက 'မုန်တိုင်း' ဆိုလျှင် စက်တင်ဘာ လဆန်းတွင် အလီခါမေနီ စိတ်တိုင်းကျ အစိုးရအဖွဲ့သစ်ပေါ်ထွက်လာမည့် အရေးကား 'လေပြေ' ဖြစ်မည် ။ ဖြစ်ချင်စိတ်သုံးဦး၏ အားပြိုင်မှုကြီး အထင်အရှားရှိလာလျှင်မူ 'ငလျင်' လှုပ်သကဲ့သို့ ရှိပေမည်ဟု ဆိုကြကုန်၏ ။

အီရန်နိုင်ငံ၏ အနာဂါတ် လားရာမှာ လစ်ဘရယ် ဒီမိုကရေ တစ်ပုံစံဖြစ်ရာ လှလှပပ ပြောင်းလဲလာရန် အခက်အခဲများစွာရှိနေသည် ။ မလွယ် ။ အာဏာရှင် ဆန်သည်ထက်-ဆန်သော အုပ်ချုပ်ရေး အခင်းအကျင်းများ ရှိမှု ရေချိန် မြင့်လွန်းလာလျှင်လည်း အပြောင်းအလဲကြီး တစ်ရပ်ရပ် ရှိလာနိုင်သည် ။ ဘာသာရေး ထိပ်သီး ၈၆ ဦးပါ Assembly of Experts ကို ရာနှုန်းပြည့် သြဇာ လွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေကြသည် ။

ဇာတ်ဝင်ခန်းနှင့် သတင်းထူးများ
နျူကလီးယား ပါဝါနိုင်ငံအဖြစ် ရပ်တည်လိုသည့် ဆန္ဒကမူ သြဇာကြီး ပုဂ္ဂိုလ် သုံးဦးထဲတွင် ရှိနေ၏ ။ ပြုပြင်ပြောင်းလဲမှုများ လုပ်သွားမည်ဟု ကြွေးကြော်ကာ သမ္မတ ရွေးကောက်ပွဲဝင်ခဲ့သူ မော်ဆာဗီတွင်လည်း နျူပါဝါ ဖြစ်လိုစိတ် ရှိနေ၏ ။ လူသိရှင်ကြားတစ်ပုံ ၊ လူမသိရှင်မကြား တစ်မျိုး ပါဝါလွန်ဆွဲမှုများ ရှိနေပြီဖြစ်သော အီရန်ဘာသာရေး အာဏာ လုလိုမှုများက ရီဇာပဟာလာဗီ (Mohammad Rezā Shāh Pahlavi) ကဲ့သို့သော'ရှား' ဘုရင်၏ အထွေးဆုံးသား အပါအဝင် နိုင်ငံရေးဗီဇ ရှိသူတိုင်းက စောင့်ကြည့် အကဲဖြတ် နေကြပြီဖြစ်သည် ။ ရှင်းရှင်းဆိုရလျှင် 'ဖျာ' ကိုင်ပြီး စောင့်နေကြ၏ ။

တရားမျှတမှုရှိရေးကို အလေးမထားသူများ၏ ရာဇဝင်မှာ လှပလေ့မရှိ ။ အီရန်၏ ဘာသာရေးယှက်နွှယ် နိုင်ငံရေးစနစ်မှာ တစ်မျိုး-တစ်ဘာသာ စိတ်ဝင်စားဖွယ် ကောင်းနေဆဲ ။ အလီခါမေနီသာ နျူကလီးယား ထိပ်ဖူးတစ်ခု ထုတ်လုပ်ပေတော့ဟု အမိန့် ချမှတ် လိုက်လျင်မူ အီရန်ပြည်သူများ Reform သို့မဟုတ် Radical ကို တွေ့ရမည် မဟုတ်ဘဲ War ကိုသာ ကြုံရမည်ထင်၏ ။ အီရန်၏နိုင်ငံရေး အနာဂါတ် ဖြစ်နိုင်ခြေမှာ ရင်ခုန်ဖွယ်ရာ ကောင်းနေသည် ။ ဇာတ်ဝင်ခန်းများ ကြမ်းနိုင်သည် ။ နှိပ်စက်ခန်းများ ထပ်တွေ့ရဖွယ်ရှိသည် ။ အီရန်နှင့်ပတ်သက်၍ သတင်းထူးများ ကြားရဦးမည် ။


Ref:
1. နိုင်ငံရေးလှည့်ကွက် ၊ ကစားကွက်များကြားက တီဟီရန်သတင်းသစ် (ရဲမင်းဦး)
2. အီရန်အတိုက်အခံ ခေါင်းဆောင်များကို အရေးယူမည် (အာရ် ၊အက်ဖ် ၊ အေ)
3. http://en.wikipedia.org/wiki/Islamic_Republic_of_Iran
4. http://www.tehrantimes.com/index_View.asp?code=201998

1 comment:

သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-