ဈာန်မင်း
အဆင့်ဆင့်တိုးတက်လာတဲ့ယဉ်ကျေးမှု
မွန်းကျပ် ပိတ်လှောင်ပြီး မည်းမည်းမှောင်နေတဲ့ ကျောက်ဂူတွေထဲမှာ ဆက်လက်ရှင်သန်လို့ ကြောက်စိတ်ကို အတင်း ချိုးနှိမ်ပြီး အပြင်ဘက်ကို ထွက်ခဲ့တယ်။ သူကြောက်ရွံ့နေခဲ့တဲ့ သဘာဝလောကကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်။ သဘာဝ ရဲ့ အုပ်စိုးခံဘဝမှာ ပြားပြားဝပ်နေရာက သဘာဝရဲ့အုပ်စိုးသူဘဝကို ရောက်ဖို့ မတ်တပ်ရပ်လိုက်တယ်။ သဘာဝနဲ့ရင်ဆိုင် တိုက်ရင်း ကိုယ့်ရဲ့အင်အားသေးသေးကို ဆပွားကြီးထွားစေတဲ့နည်းကို သိလာခဲ့ရတယ်။ ဒါကတော့ ဘဝတူ လူသားအချင်းချင်း စုစည်းပေါင်းစပ်လိုက်ခြင်းပါပဲ။ ဒီလိုနဲ့ မိသားစုကနေ မျိုးနွယ်စုတွေ လူမျိုးစုတွေအထိ ကြီးထွားလာပြီး မြို့ပြကျေးရွာကနေ တိုင်းပြည်နိုင်ငံတွေ ဖြစ်လာတယ်။ အင်ပါယာကြီးတွေ ဖြစ်လာတယ်။ ဒီလိုနဲ့ လူ့ယဉ်ကျေးမှုသမိုင်းဟာ အဆင့်ဆင့်ကို တိုးတက် လာခဲ့တယ်။
ခြေထောက်ပါတဲ့ ယဉ်ကျေးမှုများ
လူအုပ်စုတွေ၊ တိုင်းနိုင်ငံတွေ ကွဲပြားသလို ယဉ်ကျေးမှုတွေဟာလည်း ကွဲပြားနေပါတယ်။ ယဉ်ကျေးမှုတွေဟာ တည်ငြိမ် နေတယ်လို့ထင်ရပေမယ့် လူတွေလိုပဲ သူလည်း လှုပ်ရှားသွားလာနေခဲ့တာပါ။ ယဉ်ကျေးမှုကြီး တစ်ခုလုံးအနေနဲ့ သွားလာကူးသန်း တာကို မြင်ရဖို့မလွယ်ပေမယ့် ယဉ်ကျေးမှုရဲ့အစိတ်အပိုင်း ပစ္စည်းများ ကူးသန်းသွားလာတာကိုတော့ ထင်ထင်ရှားရှား မြင်နေရပါ တယ်။
စက္ကူနဲ့ ပုံနှိပ်မှုအတတ်ဟာ ရှေးဟောင်းတရုတ်ယဉ်ကျေးမှုထဲက ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့တော့ အနောက်တိုင်း ယဉ်ကျေးမှုရဲ့ အဓိက ပစ္စည်းတွေအဖြစ်ကို ကူးပြောင်းသွားခဲ့ပါပြီ။ ဒီထက်ပြောရရင် ကမ္ဘာ့ယဉ်ကျေးမှုရဲ့ ပစ္စည်းအ ဖြစ် ကမ္ဘာအရပ်ရပ်က ယဉ်ကျေးမှုအားလုံးထဲဆီကို ရောက်ရှိနေပါပြီ။ ဥရောပနယ်သစ်ရှာဖွေရေးသမားတွေရဲ့ အဓိက ကိရိယာဖြစ် တဲ့ သံလိုက်အိမ်မြှောင်ဟာလည်း တရုတ်ယဉ်ကျေးမှုပစ္စည်းပဲ ဖြစ်ပါတယ်။ တြီဂိုနိုမေတြီဆိုတဲ့ သင်္ချာပညာရပ်ရဲ့ ဇာတိနိုင်ငံဟာ အီဂျစ်ဖြစ်ပါတယ်။ အနောက်တိုင်းက῾အာရပ်ကိန်းဂဏန်းများ᾽ လို့ခေါ်ဝေါ်သုံးစွဲနေတဲ့ ကိန်းဂဏန်းစနစ်ဟာ အိန္ဒိယယဉ်ကျေးမှုမှာ မွေးဖွားချက်ကြွေခဲ့တာပါ။ အလယ်ခေတ်မှာ အာရပ်များက ဥရောပဆီ သယ်ဆောင်သွားတဲ့အတွက် အာရပ်ကိန်းဂဏန်းများလို့ အမည်တွင်သွားတာ ဖြစ်တယ်။ ယမ်းမှုန့်ဟာ တရုတ်ရဲ့တီထွင်မှု ဖြစ်သလို စစ်တုရင်ကစားနည်းဟာလည်းအိန္ဒိယယဉ်ကျေးမှုရဲ့ မူပိုင် ဖြစ်ပါတယ်။
အတွေးအခေါ် အယူအဆတွေ၊ သတင်းအချက်အလက်တွေ၊ ထုတ်ကုန်ပစ္စည်းတွေ၊ နည်းပညာတွေသာမက မြေကြီးက ပေါက်တဲ့ သီးပင် စားပင်တွေလည်း တစ်နိုင်ငံကတစ်နိုင်ငံ ယဉ်ကျေးမှုတစ်ခုကတစ်ခု ကူးပြောင်းရောက်ရှိခဲ့ပါတယ်။ ကမ္ဘာ့အကြီး ဆုံး ရာဘာထုတ်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ မလေးရှားနိုင်ငံမှာ နဂိုက ရာဘာပင်မရှိခဲ့ပါ။ ရာဘာပင်ရဲ့မူလဇာတိဟာ ဘရာဇီး နိုင်ငံဖြစ်ပါတယ်။ ဒီနေ့အာဖရိကတိုက်မှာ စိုက်ပျိုးနေကြတဲ့ ဆန်စပါးအများစုရဲ့ ဇာတိဟာ အာရှတိုက်ဖြစ်ပြီး ဆေးရွက်ကြီးကတော့ အနောက်ကမ္ဘာကနေ ရောက်လာခြင်းဖြစ်ပါတယ်။ ဒီနေ့ဂျုံကို နိုင်ငံခြားပို့ကုန်အဖြစ် အကြီးအကျယ် စိုက်ပျိုးနေတဲ့ အာဂျင်တီးနား နိုင်ငံဟာ မူလက ဂျုံကို နိုင်ငံခြားမှ မှာယူတင်သွင်းခဲ့ရပါတယ်။
မတော်သူသေ တော်သူနေ
လူသားအချင်းချင်း၊ လူမျိုးအချင်းချင်း၊ နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံမှုနဲ့အတူ ယဉ်ကျေးမှုတွေဟာလည်း ကမ္ဘာအနှံ့ ခြေဆန့်ခဲ့ကြတယ်။ ဒီလို ခရီးဆန့်ရင်းကအမျိုးတူ ယဉ်ကျေးမှုတွေနဲ့ တွေ့တဲ့အခါ ယှဉ်ပြိုင်မှုတွေ ဖြစ်ရပါတယ်။ ယဉ်ကျေးမှုရဲ့ ဖြစ်တည်မှုကို သဘောပေါက်ရင် ဒီယှဉ်ပြိုင်ပွဲတွေ ဖြစ်ပေါ်လာရတာကို ထူးဆန်းမိမယ်မဟုတ်ပါဘူး။
လူတစ်ချို့ မှတ်ထင်ယူဆနေသလို ယဉ်ကျေးမှုဟာ အမှတ်တံဆိပ်သက်သက် မဟုတ်ပါ။ လူ့ဘဝရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လူ့ဘဝရဲ့ ရည်ရွယ်ချက်တွေဆီရောက်အောင် သယ်ပို့ပေးဖို့ ယဉ်ကျေးမှုတွေ ပေါ်ပေါက်တည်ရှိခြင်းသာ ဖြစ်ပါ တယ်။ ယဉ်ကျေးမှုဆိုတာ အကိုးကွယ်ခံ မဟုတ်ပါ။ အသုံးချခံသာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ယဉ်ကျေးမှုတစ်ခုနဲ့တစ်ခု ထိပ်တိုက်တွေ့တဲ့အခါ အရည်အသွေးချင်း ယှဉ်ပြိုင်ရပါတယ်။ အရည်အသွေးနိမ့်တဲ့ ယဉ်ကျေးမှုဟာ အပယ်ခံရပြီး အရည်အသွေးမြင့်တဲ့ ယဉ်ကျေးမှုက ဆက်လက်ရှင်သန်ပါတယ်။
ပုံစံပြရရင် တရုတ်နိုင်ငံနဲ့ မဆက်စပ်မိခင်က အနောက်နိုင်ငံတွေဟာ သားရေလိပ်ပေါ်မှာ စာပေရေးသား မှတ်တမ်းတင်ခဲ့ ကြပါတယ်။ တရုတ်တွေနဲ့ ဆက်စပ်မိပြီးတဲ့နောက် စက္ကူ ယဉ်ကျေးမှုလည်း အနောက်နိုင်ငံတွေဆီ ရောက်ရှိလာတယ်။ သားရေလိပ် ယဉ်ကျေးမှုဟာ အသစ်ရောက်ရှိလာတဲ့ စက္ကူ ယဉ်ကျေးမှုကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘူး။ အရှုံးပေးခဲ့ရတယ်။ ဒီနည်းတူပဲ အာရပ် ကိန်းဂဏန်းတွေ မရောက်လာခင်က ဥရောပမှာ ရောမကိန်းဂဏန်းတွေပဲ မင်းမူခဲ့ပါတယ်။ အလယ်ခေတ်မှာ အာရပ်တွေကြောင့် ရောမ ကိန်းဂဏန်းစနစ်သစ်တွေ ရောက်ရှိလာတဲ့အခါ ရောမကိန်းဂဏန်းတွေဟာ အရေးနိမ့်ခဲ့ရတယ်။ ဒီလိုနဲ့ သားရေလိပ် ယဉ်ကျေးမှုလိုပဲ ရောမကိန်းဂဏန်း ယဉ်ကျေးမှုဟာလည်း ပြတိုက်ထဲကို ရောက်သွားရတော့တယ်။
အရည်အသွေးရဲ့ဇာစ်မြစ်
ဝိုင်အရက်အကောင်းဆုံးကို အီတလီလူမျိုးတွေက ချက်လုပ်တယ်။ ဝီစကီအကောင်းဆုံးကို စကော့ခ်ျလူမျိုးတွေ ချက်လုပ် တယ်။ဘီယာအကောင်းဆုံးကို ဂျာမန်လူမျိုးတွေ ချက်လုပ်တယ်။ ဒီအချက်ကို ကြည့်ပြီး ယဉ်ကျေးမှုရဲ့ အရည်အသွေးဟာ သီးသန့် လူမျိုးတစ်မျိုးမှာ မြစ်ဖျားခံတယ်လို့ ယူဆသူက ယူဆတယ်။ ယဉ်ကျေးမှုကြီးတစ်ခုလုံးအနေနဲ့ သာလွန်မှု မရှိနိုင်ပေမယ့် ယဉ်ကျေးမှု အစိတ်အပိုင်းတွေမှာတော့ လူမျိုးတစ်မျိုးကပဲ အမြဲလွှမ်းမိုးနေရမယ်ဆိုတဲ့ အယူအဆဟာ အကြွင်းမဲ့ မမှန်နိုင်ပါဘူး။
အော်တိုမန် ယဉ်ကျေးမှုခေတ်ကဆိုရင် ဆေးကုသမှုနယ်ပယ်၊ ကုန်သွယ်မှုနယ်ပယ် စတာတွေမှာ ပထမဆုံး လွှမ်းမိုးခဲ့သူ တွေဟာ ဂျူးလူမျိုးတွေပဲ ဖြစ်ပါတယ်။ ဒီဂျူးလူမျိုးတွေဟာလည်း စပိန်နိုင်ငံကနေ ရွှေ့ပြောင်းပြီး အာရပ်အင်ပါယာထဲ ရောက်လာသူ တွေပါ။ ဆေးဝါးယဉ်ကျေးမှုနဲ့ ကုန်သွယ်ရေး ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ စပိန်နိုင်ငံကနေ အလားတူယဉ်ကျေးမှုမျိုး သိပ်မတိုးတက်သေးတဲ့ အော်တိုမန်အင်ပါယာအတွင်း ကူးပြောင်းလာခဲ့တဲ့ ဂျူးတွေအနေနဲ့ နေရာရခဲ့တာ မဆန်းပါ။ ဒါပေမယ့် နောက်ပိုင်းတော့ ဂျူး တွေဟာ အနောက်တိုင်းနဲ့ အဆက်ပြတ်ပြီး သူတို့ရဲ့ ဆေးဝါးအသိပညာဟာ ရပ်တန့်နေခဲ့တယ်။ ဒီအချိန်မှာ ဂရိလူမျိုးတွေနဲ့ အာမေး နီးယန်းလူမျိုးတွေဟာ သူတို့ကို ကျော်လွှားနိုင်ခဲ့တယ်။ ဂရိနဲ့ အာမေးနီးယန်းတွေက ခရစ်ယာန်ဘာသာထွန်းကားတဲ့ အနောက်နိုင်ငံ တွေနဲ့ ဆက်သွယ်နိုင်ခဲ့ပြီး သူတို့ရဲ့ သားသမီးများကို ပညာသင်စေလွှတ်နိုင်ခဲ့တာကိုး။ ယဉ်ကျေးမှုတစ်ရပ်မှာ လူမျိုးတစ်မျိုးကပဲ အမြဲတမ်းကြီးစိုးလို့ မရနိုင်ဘူးဆိုတဲ့အချက်ကို ဒီဖြစ်ရပ်က ပြနေပါတယ်။
ယဉ်ကျေးမှုရဲ့ အရည်အသွေးချင်းနှိုင်းယှဉ်ရင်း ယဉ်ကျေးမှု အရည်အသွေးဟာ သက်ဆိုင်ရာ လူမျိုးရှဲ့ဗီဇနဲ့ ဆက်စပ် တယ်လို့ ပြောတဲ့သူက ပြောသလို ပတ်ဝန်းကျင်ကြောင့်လို့ ပြောတဲ့သူကလည်း ပြောတတ်ပါတယ်။
ဗီဇကြောင့် မဟုတ်ဘူးဆိုတာကတော့ တရုတ်လူမျိုးနဲ့ ဥရောပတိုက်သားတွေကို ယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ ဒီလူမျိုး နှစ်မျိုးဟာ ဗီဇချင်းမတူပါဘူး။ တရုတ်လူမျိုးတွေက နှစ်ပေါင်းတစ်ထောင်လောက်စောပြီး ဥရောပထက် ယဉ်ကျေးမှုမှာ သာလွန်ခဲ့ပါ တယ်။ ဒါကို တရုတ်တွေက ဗီဇပိုကောင်းတာကြောင့်လို့ အကြောင်းပြရင် အခုအချိန်မှာ ဥရောပက တရုတ်ထက် ပိုပြီး သာလွန်သွားတာကိုဘာကြောင့်လို့ အကြောင်းပြမလဲ။ တရုတ်တွေရဲ့ ဗီဇက ညံ့သွားပြီး ဥရောပသားတွေရဲ့ ဗီဇက ပိုကောင်းလာလို့ ဖြစ်တယ်လို့ အကြောင်းပြရင် တကယ့်အရှိတရားနဲ့ သိပ်ဆန့်ကျင်ရာ ကျသွားမယ်။ ဘာကြောင့်လဲဆိုတော့ ဗီဇပညာရှင်တွေက လူမျိုးတွေရဲ့ ဗီဇဓာတ်ကို စစ်ဆေးရာမှာ ၉၉ ဒသမ ၉ ရာခိုင်နှုန်း တူညီနေတာကို တွေ့လို့ပဲ။
ဒါဆိုရင် ပတ်ဝန်းကျင်ကြောင့် ယဉ်ကျေးမှု အရည်အသွေးချင်း ကွာခြားနေရတာလား။
၁၉ ရာစု နှောင်းပိုင်းကာလမှာ အမေရိကန် ပြည်ထောင်စုဆီကို လူမျိုးစုနှစ်ခု ကူးပြောင်းလာခဲ့ပါတယ်။ တစ်စုက အရှေ့ ဥရောပ ဂျူးလူမျိုးစုဖြစ်ပြီး နောက်တစ်စုကတော့ အီတလီတောင်ပိုင်းက အီတလီလူမျိုးစု ဖြစ်ပါတယ်။ ဒီလူမျိုးစုနှစ်ခုဟာ ပတ်ဝန်း ကျင် တစ်ခုတည်းမှာပဲ အိမ်နီးချင်းများအဖြစ် အတူတူနေထိုင်လာခဲ့ကြတယ်။ သူတို့ရဲ့ သားသမီးတွေဟာလည်း စာသင်ကျောင်းတစ်ကျောင်းထဲကစာသင်ခန်းတစ်ခန်းထဲမှာ အတူတူ ပညာသင်ကြားခဲ့ကြတယ်။ ပတ်ဝန်းကျင်တစ်ခုတည်းမှာ နှစ်ပေါင်းတစ်ရာကျော်အတူတူ နေထိုင်ခဲ့ကြပေမယ့် သူတို့ရဲ့ယဉ်ကျေးမှုအရည်အသွေးဟာ အတူတူ ဖြစ်မလာခဲ့ဘဲ ကွဲပြားခြားနားမြဲ ကွဲပြား ခြားနား နေခဲ့တယ်။ အမေရိကန်ရောက် ဂျူးများနဲ့ အီတလီများကို အမေရိကန်ပတ်ဝန်းကျင်ကနေ တူညီအောင် မဖန်တီးနိုင်ခဲ့ကြောင်း ထင်ရှားတယ်။ ဒီ လူမျိုးစုနှစ်စုဟာ အတ္တလန္တိတ် သမုဒ္ဒရာကြီးကို ဖြတ်ကျော်ရာမှာ ဒီလူမျိုးစု နှစ်စုကြားက ကွဲပြားခြားနားမှုလည်း တစ်ပါတည်း ဖြတ်ကျော်လာခဲ့တယ်လို့ ယူဆရပါတယ်။
သယံဇာတနဲ့ပထဝီ
၁၈ ရာစုနှစ် ချီလီ စာရေးဆရာတစ်ယောက်က သူတို့ ချီလီနိုင်ငံကြီးဟာ ရာသီဥတုလည်း ကောင်းမွန်တယ်၊ မြေဆီသြဇာ လည်း ပြည့်ဝတယ်၊ သဘာဝ အရင်းအမြစ်ဆိုတဲ့ သယံဇာတတွေလည်း ပေါကြွယ်ဝတယ်၊ ဒါနဲ့တောင် ဘာကြောင့် ဆင်းရဲနေရတာ လဲလို့ မေးခွန်းထုတ်ခဲ့ဖူးတယ်။ ဒီမေးခွန်းကို ပြောင်းပြန်လှည့်ပြီးမေးရင် အဖြေရဖို့နီးစပ်ပါတယ်။ ရာသီဥတုလည်းမကောင်း၊ မြေဆီ မြေနှစ်လည်း နည်းပါး၊ သဘာဝ သယံဇာတလည်း ရှားပါးတဲ့ ဆွစ်ဇာလန်နဲ့ ဂျပန်တို့လို နိုင်ငံတွေ ဘာကြောင့် ကြွယ်ဝချမ်းသာနေ တာလဲ။ စီးပွားရေးပညာရှင်တွေကတော့အတတ်ပညာ ကျွမ်းကျင်မှုကြောင့် ကြွယ်ဝချမ်းသာရတာလို့ ဖြေကြပါတယ်။
လူမျိုးတွေ နိုင်ငံတွေရဲ့ အတတ်ပညာ ကျွမ်းကျင်မှု အဆင့်အတန်းချင်းကွာခြားရခြင်းရဲ့ နောက်ကွယ်မှာ ရှုပ်ထွေးရှည် လျားလှတဲ့ သမိုင်းနောက်ခံ ရှိနေပါတယ်။ ဒီသမိုင်းနောက်ခံကားထဲမှာ ပထဝီ အနေအထားကလည်း အရေးကြီးတဲ့ အချက် တစ်ချက်ပါပဲ။ဒီနေရာမှာ ပထဝီ အနေအထားဆိုတာက သဘာဝ သယံဇာတလို့ အကောက်မလွဲဖို့လိုတယ်။
ပထဝီအနေအထားက ယဉ်ကျေးမှုအပေါ် အကျိုးသက်ရောက်ပုံဟာ ဥရောပနဲ့ အာဖရိကကို ယှဉ်ကြည့်ရင်သိသာထင်ရှားတယ်။ အာဖရိကတိုက်ဟာ ဥရောပတိုက်ရဲ့နှစ်ဆ ကြီးပါတယ်။ ဒါပေမယ့် အာဖရိကရဲ့ ပင်လယ်ကမ်းရိုးတန်းဟာ ဥရောပတိုက်ရဲ့ ကမ်းရိုးတန်းလောက် မရှည်လျားပါဘူး။ ဥရောပရဲ့ ကမ်းရိုးတန်းဟာ အကွေ့အကောက်များသလို ဆိပ်ကမ်းဟာလည်း များပြားတယ်။ အာဖရိကတိုက်ရဲ့ ကမ်းရိုးတန်းကတော့ အကွေ့အကောက်နည်းသလို ဆိပ်ကမ်းလည်း နည်းနေတယ်။
ဆိပ်ကမ်းဟာ အလွန်အရေးပါတဲ့ နေရာပါ။ ရေကြောင်းကုန်သွယ်မှုလုပ်ငန်းတွေ ထွန်းကားတိုးတက်အောင် ဆိပ်ကမ်း တွေကပဲ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ရေကြောင်းပို့ဆောင်ရေးထွန်းကားဖို့၊ ယဉ်ကျေးမှုများကူးလူးဆက်သွယ်ဖို့၊ အသိပညာများ တိုးပွားဖို့ ဆိပ်ကမ်းက ဖန်တီးပေးခဲ့ပါတယ်။ အဓိကကျတဲ့မြို့တော်ကြီးတွေဟာ မြစ်တစ်မြစ်ရဲ့ ကမ်းပါးမှာဖြစ်စေ၊ ပင်လယ် ဆိပ်ကမ်းတစ်ခုမှာဖြစ်စေ တည်ရှိခဲ့တာချည်းပါပဲ။ ရေကြောင်းလမ်းမတွေဟာ မြို့ပြယဉ်ကျေးမှုရဲ့ အသက် သွေးကြောတွေ ဖြစ် ပါတယ်။
အာဖရိကတိုက်မှာရှိတဲ့ မြစ်တွေနဲ့ ဆိပ်ကမ်းတွေဟာ ဥရောပတိုက်မှာရှိတဲ့ မြစ်တွေ၊ ဆိပ်ကမ်းတွေနဲ့ တော်တော် ခြားနားပါတယ်။ အာဖရိကတိုက်ရဲ့ တချို့နိုင်ငံတွေမှာဆိုရင် ရေကြောင်းပို့ဆောင်ရေး လုပ်နိုင်တဲ့ မြစ်ရယ်လို့ တစ်ခုမှမရှိဘဲ ဖြစ်နေတယ်။ လစ်ဗျားနဲ့ တောင်အာဖရိကနိုင်ငံတွေဟာ အဲဒီလိုနိုင်ငံတွေပဲ။ တချို့မြစ်တွေက မိုးတွင်းရောက်မှ သုံးနိုင်တာမျိုး တချို့မြစ်က ရေတံခွန် ထူထပ်လွန်းတာမျိုးလည်းရှိတယ် ဥရောပတိုက်က မြစ်တွေက ရာသီမရွေး ကူးသန်းသွားလာနိုင်ဖို့ အသုံး ကျပေမယ့် အာဖရိကရဲ့ မြစ်တွေက အသုံးမကျလှဘူး။
ဒါကြောင့် လူအချင်းချင်း၊ နိုင်ငံအချင်းချင်း ကူးသန်းဆက်သွယ်ရေး အခြေအနေဟာ ဥရောပနဲ့ အာဖရိကမှာ သိပ်ခြားနား ခဲ့ရတယ်။ ဒီလို ခြားနားတာကိုကြည့်ရင် ဥရောပဟာ မြို့ပြယဉ်ကျေးမှု အမြင့်ဆုံးကို ရောက်ခဲ့ပြီး အာဖရိကကတော့ မြို့ပြ ယဉ်ကျေးမှု အနိမ့်ဆုံးမှာဘဲ ကျန်နေခဲ့တဲ့ အဖြစ်ကို အံ့သြစရာလို့ မြင်တော့မယ် မဟုတ်ဘူး။ ယဉ်ကျေးမှု တိုးတက်ခြင်း ရလာဒ်ဟာ မတူညီတဲ့ ယဉ်ကျေးမှုများ တွေ့ဆုံယှဉ်ပြိုင်ရာမှ ပေါက်ဖွားလာရပြီး မတူတဲ့ ယဉ်ကျေးမှုတွေ့ဆုံယှဉ်ပြိုင်နိုင်ဖို့ အတွက် ဆက်သွယ် ရေး လမ်းကြောင်းတွေကောင်းဖို့ လိုအပ်ပေတာကိုး။
ပထဝီအနေအထားသက်သက်က မြို့ပြယဉ်ကျေးမှုကို ဖန်တီးတာလို့ ပြောတာထက် မြို့ပြယဉ်ကျေးမှုကို လူသားတွေ ဖန်တီးရာမှာ ပထဝီအနေအထားက ပံ့ပိုးပေးခဲ့တယ်လို့ပြောရင် ပိုသင့်မယ်။ ပထဝီ အနေအထားက ယဉ်ကျေးမှုများ ဆုံစည်းဖို့ အတွက် ဆက်သွယ်ရေးကဏ္ဍကကူညီခဲ့တာပါ။ ဒီနေ့အချိန်မှာတော့ မော်တော်ကား၊ မီးရထား၊ လေယာဉ်ပျံတို့နဲ့တကွ တယ်လီဖုန်း၊ ဖက်စ်၊ အင်တာနက်ဆိုတဲ့ ဆက်သွယ်ရေးအမျိုးမျိုး ပေါ်ပေါက်လာပြီမို့ ဆက်သွယ်ရေးအတွက် ပိုပြီး လွယ်ကူ လာနေပါပြီ။
ကုန်းမြေပေါ်ကကျွန်းများ
ပထဝီအနေအထားက ယဉ်ကျေးမှုကို တိုးတက်အောင် ပံ့ပိုးကူညီနိုင်သလို တိုးတက်မှု မဖြစ်အောင်လည်း တားဆီး နှောင့်ယှက်နိုင်ပါတယ်။ သမိုင်းကို ပြန်ကြည့်ရင် ပင်လယ် သမုဒ္ဒရာတွေထဲမှာ သီးခြားရပ်တည်နေတဲ့ ကျွန်းတွေဆီက အဆင့် အတန်းမြင့်တဲ့ ယဉ်ကျေးမှုမျိုး မထွန်းကားတာကို တွေ့ရပါတယ်။ အပြင်ယဉ်ကျေးမှုနဲ့ ဆက်စပ်မှုမရှိဘဲ သီးခြားရပ် တည်နေတဲ့ ကျွန်းဒေသ ယဉ်ကျေးမှုဆီမှာ သိပ္ပံနဲ့နည်းပညာ တိုးတက်မှုတွေ ဘယ်တော့မှ မဖြစ်ထွန်းခဲ့ဖူးပါဘူး။
ကိုယ့်ဘာသာ သီးခြားရပ်တည်တဲ့ ကျွန်းတွေဟာ ပင်လယ်ရေပြင် ထဲမှာတင်ရှိတာ မဟုတ်ဘဲ ကုန်းမြေပေါ်မှာလည်း ရှိနေပါတယ်။ စားဖို့သောက်ဖို့ လုံလောက်တဲ့ အခြေအနေလည်းရှိပြီး တစ်ခြားတစ်ပါးနိုင်ငံဒေသတွေနဲ့ ဆက်သွယ်ဖို့လည်း ခက်ခဲ တဲ့ဒေသတွေဟာ ပင်လယ်ထဲက ကျွန်းတွေလိုပဲ သီးခြားရပ်တည်နိုင်ခဲ့ကြပါတယ်။ ဒီလို ဒေသတွေမှာလည်း ယဉ်ကျေးမှု မထွန်း ကားပါဘူး။
သီးခြားရပ်တည်ခြင်းဟာ ယဉ်ကျေးမှု တိုးတက်ထွန်းကားရေးရဲ့ ဆန့်ကျင်ဘက်ဆိုတဲ့ အချက်ဟာ ထင်ရှားလှပါတယ်။ ဒီလို သီးခြားရပ်တည်မှုကို ဖယ်ရှားပစ်လိုက်တဲ့အခါ အံ့သြစရာကောင်းလောက်တဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေ ဖြစ်လာ ပါတယ်။
၁၉ ရာစုအတွင်းမှာ ဂျပန်နိုင်ငံ တစ်ရှိန်ထိုး တိုးတက်ဖွံ့ဖြိုးလာမှုဟာ သီးခြားရပ်တည်မှုကို ဖယ်ရှားနိုင်ခဲ့လို့ ဖြစ်ပါတယ်။ ဒီအဖြစ်က ဂျပန်နိုင်ငံမှာတင် တွေ့ရတာမဟုတ်ပါ။ စကော့တလန်နိုင်ငံဟာလည်း ဘယ်နိုင်ငံနဲ့မှ အဆက်အစပ် မလုပ်ဘဲ သီးခြား ရပ်တည်ခဲ့တဲ့ နိုင်ငံပါ။ အဲဒီအချိန်တုန်းကဆိုရင် စကော့တလန် မှူးမတ်တွေတောင် စာမတတ်ခဲ့ကြဘူး။ တခြားနိုင်ငံတွေနဲ့ ကူးလူး ဆက်စပ်ခဲ့တဲ့ ၁၈ ရာစုနှစ်အတွင်းမှာတော့ စကော့တလန်နိုင်ငံဟာ ယဉ်ကျေးမှုကဏ္ဍတချို့မှာ ကမ္ဘာ့ဦးဆောင်နေရာအထိ ရောက် လာခဲ့ပါတယ်။ အတွေးအခေါ်ပညာရှင်ကြီး ဒေးဗစ်ဟျူးမ် (David Hume)၊ ဓာတုဗေဒပညာရှင်ကြီး ဂျိုးဆက်ဘလက် (Joseph Black)၊ စီးပွားရေးပညာရှင်ကြီး အဒမ်စမစ် (Adam Smith)၊ ဗိသုကာ ပညာရှင်ကြီး ရောဘတ်အဒမ် (Robert Adam) ၊ ရေနွေးငွေ့ အင်ဂျင်စက်တီထွင်သူ ဂျိမ်းစ်ဝပ် (James Watt) တို့ဟာ အဲဒီ ခေတ်က ပေါ်ထွန်းခဲ့တဲ့ စကော့တလန်သားများ ဖြစ်ပါတယ်။ ဒီတိုးတက်မှု ဖြစ်စဉ်မှာ စကော့လူမျိုးတွေဟာ သူတို့ရဲ့ မိခင်ဘာသာစကားကို ဆုံးရှုံးခဲ့ပေမယ့် ကမ္ဘာ့ထိပ်တန်း ပညာရှိကြီး များကိုတော့ မွေးထုတ်နိုင်ခဲ့ပြီး ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားတဲ့ နိုင်ငံအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။
ပြတိုက်ဆီလား၊ ပြိုင်ပွဲဆီလား
ယဉ်ကျေးမှုတွေဟာ သက်ဆိုင်ရာ လူသားအုပ်စုတွေကို ဝိသေသပြုပေးမယ့် အမှတ်တံဆိပ်များအဖြစ် တည်ရှိနေခြင်း မဟုတ်ပါ။ လူသားမျိုးနွယ်ကြီးရဲ့ အသက်ဘဝ ရှင်သန်ဖို့အတွက် အရေးပါတဲ့ လက်တွေ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရန် တည်ရှိနေခြင်း ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းကြီး မကွဲမပြဲဘဲ ခိုင်ခံ့တည်မြဲအောင် လုပ်ဖို့ တည်ရှိနေခြင်း ဖြစ်ပါတယ်။ အတိတ် မျိုးဆက်များက နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ရယူထားတဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကို အနာဂတ် မျိုးဆက်သစ်များ လွယ်လွယ်ကူကူ အမွေခံရရှိနိုင်ဖို့ တည်ရှိနေတာ ဖြစ်ပါတယ်။ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေး စတာတွေကို သင်ပြ ပေးဖို့ တည်ရှိနေတာ ဖြစ်ပါတယ်။ ယဉ်ကျေးမှုဆိုတာ လူ့ဘဝအတွင်းမှာ မဖြစ်မနေ လုပ်ရမယ့် အရာ အားလုံးကို လုပ်ကိုင်တဲ့ နည်းလမ်းများသာ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေဟာ အသေမဟုတ်ပါ။ အသက်ရှိတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ရှင်သန်တိုးတက် မှုရှိတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။
ရှင်သန်တိုးတက်မှုကို တပ်မက်တဲ့ လူသားများအနေနဲ့ ယဉ်ကျေးမှု တိုးတက်ရေးကို အလျင်မပြတ် ကြိုးစားအားထုတ် နေရမှာ ဖြစ်ပါတယ်။ တခြားလူ့အဖွဲ့အစည်းများနဲ့ ကူးလူးဆက်ဆံရေးကို တိုးမြှင့်သည်ထက် တိုးမြှင့်သွားရမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးနည်းလမ်းအဖုံဖုံကို ရရှိထားပြီဖြစ်တဲ့ မျက်မှောက်ခေတ်မှာ ယဉ်ကျေးမှုအမျိုးမျိုးနဲ့ တွေ့ထိဖို့ ဘာမှ အခက်အခဲ မရှိတော့ပါ။ ယဉ်ကျေးမှုချင်း ထိပ်တိုက်ရင်ဆိုင်ရင်း အရည်အသွေးချင်းယှဉ်ပြိုင်ရတဲ့အတွက် ဘာမှ အရှုံးမရှိနိုင်ပါ။ မိမိ ယဉ်ကျေးမှုကအားသာရင် တခြားသူများအနေနဲ့ အားကောင်းတဲ့ ယဉ်ကျေးမှုကို ရရှိနိုင်တာမို့ တကယ့် ကုသိုလ် ကောင်းမှုပါ။ သူတို့ ယဉ်ကျေး မှုက အားသာရင် လက်ရှိအခြေအနေထက် တိုးတက်ကောင်းမွန်တဲ့အဆင့်ကို ရောက်ဖို့ မိမိတို့အတွက် တကယ့် အခွင့်အလမ်းပါ။
ဈာန်မင်း
စာညွှန်း။ ။ Dialogue No. 95
နဗီများကို ဆဲရေးတိုင်းထွာသူမူဆလင်တို့အားကြီလေးသောအပြစ်စီရင်လတ္တံ့
အဆုံးအစမရှိ ကျယ်ဝန်းသော ဤ မဟာကမ္ဘာအပြားကြီးအား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်ရှင်၏ ဆန္ဒတော်မပါဘဲ ဖြစ်ပျက်နေသောအရာဟူသည် ဤ စကြာဝဠာအပြားကြီးတွင် စိုးစဉ်းမျှမရှိပါချေ ။
ဗုဒ္ဓ သို့မဟုတ် သိဒ္ဓတ္ထ သို့မဟုတ် အရှင်ဂေါဓမ သည်လည်းကောင်း ၊ ထာဝရ ဘုရားသခင် နှင့် သားတော် ယေရှုသည်လည်းကောင်း ၊ လူသားနှင့်အနီးဆုံး တမန်တော် မိုဟာမက်သည်လည်းကောင်း ၊ လူသားနှင့် အတူရှိနေတော်မူသော တမန်တော် ဟာဂျီဝက်စလီသည်လည်းကောင်း ၊ အလ္လာဟ်ရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ ဖန်ဆင်းထားတော်မူခဲ့သော နဗီ နှင့် ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူပါသည် ။ ထို့ပြင်တဝ ဤ ဘလော့ သည်လည်း အလ္လာဟ်ရှင်၏ ဆန္ဒတော်နှင့်အညီ ထူထောင်ထားမူသော ဘလော့ ဖြစ်ပါသည် ။
သို့ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အလ္လာဟ်ရှင်မြတ်၏ ဖန်ဆင်းခံ အထက်ပါ ပုဂ္ဂိုလ်မြတ် (ဗုဒ္ဓအပါအဝင် တမန်တော် ဝက်စလီစသည်)တို့အား ဆဲရေးတိုင်းထွာခြင်း ၊ အပြစ်ပြောဆိုခြင်းတို့သည် အလ္လာဟ်ရှင်မြတ်ကို ဆဲဆိုခြင်းမြောက်ပါသဖြင့် ၊ ထိုသို့ ဆိုရေးတိုင်းထွာသူ မူဆလင်အပေါင်းတို့အား အလ္လာဟ်ရှင်မြတ်သည် ကြီးလေးသော အပြစ်ကို မုချစီရင်တော်မူလတ္တံ့ ။ (မူဆလင်မှအပ အခြားဘာသာဝင်များမပါ ၊ အခြားဘာသာဝင်များဆဲဆိုလျင် ခွင့်လွတ်တော်မူသည်)
မော်ဒန် ကိုရမ်ကျမ်းမြတ် ၊ အခန်းကြီး ၁ ၊ အခန်းငယ် ၃ ၊ အပိုဒ် ၅ ။
No comments:
Post a Comment
သဘောထားမှတ်ချက်ရေးပေးသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-